ဖားကန့် အထက်တန်းကျောင်း ပေါက်ကွဲမှုဖြစ် ကျောင်းသူ/သားနှင့် ဆရာ/မများ ထိခိုက်ဒဏ်ရာရ
သတင်နှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဇာကျေးရွာရှိ အထက်တန်းကျောင်းခွဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျောင်းသူ/သားများနှင့် ဆရာ/ဆရာများ အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ (ယနေ့) နံနက်ပိုင်းအချိန်က ကျောင်း၏ အဝင်ပေါက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအနက် ကျောင်းဆရာတစ်ဦးက စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာများကြောင့် ယခုခါ မြစ်ကြီးနားဆေးရုံ ပို့လိုက်ပြီဟု ဒေသခံများက ပြောသည်။
“ကျနော်တို့ ဒီမနက်က မနက် ၈ နာရီခွဲမှာ ဖြစ်တာပေါ့။ ဘယ်သူဘယ်ဝါပစ်တယ်ဆိုတာတော့ မသိဘူး။ လူက တော့ သုံးလေးယောက်ထိတယ်။ ဆရာမတစ်ယောက်လည်း ထိတယ်။ ခြေထောက်မှာ ထိတယ်။ တစ်ယောက် ကတော့ စိုးရိမ်ရလို့ မြစ်ကြီးနားဆေးရုံကို ပို့လိုက်ပြီ။ နောက်ပြီး အောင်သာယာက ကလေးက စိုးရိမ်စရာ မရှိဘူး။ ပြီးရင်နောက်ကလေးတစ်ယောက်လည်းထိတယ်။ သူတို့တွေကတော့ စိုးရိမ်စရာမရှိဘူး” ဟု မှော်စီဇာ ကျေးရွာက ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
ယခု အသက်အန္တရာယ်စိုးရိမ်ရ၍ မြစ်ကြီးနားဆေးရုံသို့ ပို့လိုက်ရသူမှာ ကျောင်းဆရာ ဦးအောင်စိုးထွန်း ဖြစ်သည် ဟု မှော်စီဇာရပ်မိရပ်ဖများက ပြောသည်။
ကျောင်းသူ/သားများနှင့် ဆရာ/ဆရာမများ စီးလာသည့် ကျောင်းကား ကျောင်းဝန်းထဲသို့အဝင်တွင် ကျောင်းကား ဘီးသည် ထောင်ထားသည့် ဗုံးကိုနင်းမိပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မှော်စီဇာ ကျေးရွာ၏ ရပ်မိရပ်ဖတစ်ဦး က “အဲ့ဒီဆရာမက ကလေးတွေကို ကားနဲ့တင်လာတယ်ပြောတယ်။ ကျောင်းဖွင့်တာ တစ်လကျော်ပေါ့နော် အဲ့ လောက်တော့ ရှိပြီး။ အထက်တန်းခွဲကျောင်းပေါ့နော်။ လုံးခင်း အထက်တန်းကျောင်းနဲ့ တွဲထားတာပေါ့။ လူတွေကတော့ ထိတ်လန့်တာတော့ ရှိတယ်။ ဒါပေမယ့် ဒီနယ်မြေမှာ က ဒီလိုပေါက်ကွဲမှုမျိုး တိုက်ပွဲမျိုးတွေက မကြာမကြာဖြစ်နေတော့ သိပ်တော့ မထူးဆန်းဘူးပေါ့နော်။ ကျောင်းမှာ ဖြစ်တာဆိုတော့ စိုးရိမ်တာတွေတော့ ရှိတာပေါ့” ဟု ပြောသည်။
ယခုမိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသေး ဟုလည်း ဒေသခံများက ပြောသည်။
အဆိုပါ အထက်တန်းကျောင်းခွဲသည် နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီက တိုင်းနှင့် ပြည်နယ်အသီး သီးရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ညွန်ကြားခဲ့သည့် ကျောင်းပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းလာ တက်သူ ကျောင်းသူ/သား ၁၀၀ ပင် မရှိခဲ့ကြောင်း ကျောင်းနှင့်နီးစပ်သူများထံမှ သိရသည်။
စစ်တပ်က အာဏာမသိမ်းခင်က ပုံမှန်အားဖြင့် မှော်စီဇာ အထက်တန်းကျောင်းခွဲတွင် ကျောင်းသူ ကျောင်းသား ၁၀၀၀ အထက်ရှိသည်ဟု ဒေသခံများက ဆိုသည်။
အလားတူ ယခုမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မှော်စီဇာအထက်တန်းကျောင်းခွဲတွင် နိုဝင်ဘာလ ၆ ရက်နေ့ တုန်း ကလည်း ကျောင်းအနီးရှိ ရဲကားတစ်စီး မိုင်းဖြင့်ဖောက်ခွဲခံရပြီး ကျောင်းသားမိဘတစ်ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။