လူငယ်များ ဖမ်းဆီးခံရအောင် သတင်းပေးသူဟု ဆိုသူ ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
ထားဝယ်ခရိုင် ၊ သူရဲတောင်ကျေးရွာက စစ်ကောင်စီသတင်းပေး အုပ်ချုပ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။
စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးဟု သရက်ချောင်းမြို့နယ်၊ ကြာအင်းကျေး ရွာအုပ်စု သူရဲတောင်ကျေးရွာသားများက ဆိုသည့် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် သည် နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က ကင်းရှေ့-သူရဲတောင်ကြိုးတံတားအနီးတွင် ပစ်သတ်ခံ လိုက်ရခြင်း ဖြစ်သည်။
“မှောင်စပျိုးနေတဲ့အချိန်မှာပဲ သေနတ်သံက လေးငါးချက်ကြားရတယ်ရှင့်။ ဘယ်သူ ဘယ်အဖွဲ့က ပစ်သွားတယ် ဆိုတာတော့မသိဘူး။ အပစ်ခံရတဲ့ နေရာမှာပဲ သေသွားတာ” ဟု အသက် ၃၅ နှစ်အရွယ် ဒေသခံရွာသူ အမျိုး သမီး တစ်ဦးက ပြောသည်။
သေဆုံးသူ ဦးအောင်ဝင်းသည် NLD အစိုးရလက်ထက်ကလည်း အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ခဲ့ပြီး ယခု စစ်ကောင် စီ လက်ထက်တွင်လည်း အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်တာဝန်ယူထားသူ တစ်ဦး ဖြစ်သည်။
ဦးဝင်းအောင်သည် ကျေးရွာနေလူထုအပေါ် သမာသမတ်ကျကျအုပ်ချုပ်ခြင်းမျိုးမတွေ့ရဘဲ စစ်ကောင်စီ အကြိုက်လိုက် သတင်းပေးလုပ်နေခြင်းများကိုသာ တွေ့မြင်ရသည်ဟု ဒေသခံများက ဆိုသည်။
ထို့အပြင် ၎င်းကသတင်းပေးသည့်အတွက် ကျေးရွာထဲက လူငယ်အတော်များများ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်ဟု သူရဲတောင်ကျေးရွာက ရွာသားများက ပြောသည်။
သရက်ချောင်းမြို့နယ်တွင် နိုဝင်ဘာလအတွင်း၌ သတင်းပေးဒလန်ဟု ဆိုသူများ ပစ်ခတ်ရှင်းလင်းခံရသည့် ဖြစ် စဉ်များ ဆက်တိုက်နီးပါးရှိနေခဲ့ပြီး စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင်များလည်း မိုင်းခွဲတိုက်ခိုက်ခံရမှုများ ရှိနေသည်။
အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့တုန်းကလည်း ကင်းရှေ့-သူရဲတောင်ကြိုးတံတားပေါ်မှာ ကြာအင်းကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
ဓာတ်ပုံ – ကင်းရှေ့-သူရဲတောင်ကြိုးတံတား