ပဲ့စင်ကျွန်းမှ မထွက်ခွာပါက ပစ်ခတ်ရှင်းလင်းမည်ဟု ရေလုပ်သားများကို သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
ထားဝယ်ခရိုင် ပဲ့စင်ကျွန်းပေါ်ရှိ ရေလုပ်သား မိသားစု ၃၀ ကျော်ကို နိုဝင်ဘာလကုန် နောက်ဆုံး ထားပြီး ကျွန်းမှ ထွက်ခွာရန် စစ်ကောင်စီ ရေတပ်က သတိပေးထားသည်ဟု ရေလုပ်သားများက ပြောသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းပေါ်တွင် တနိုင်တပိုင် ရေလုပ်ငန်း လုပ်ကိုင်ကြသည့် ရေ လုပ်သားများမှာ ကျွန်းပေါ်တွင် ယာယီ နေထိုင်ကြသူများ သာ ဖြစ်ကြပြီး မထွက်ခွာပါက ပစ်ခတ်ရှင်းလင်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။
အသက် ၅၀ ခန့်အရွယ် တံငါသည် ရေလုပ်သားတစ်ဦးက “သူတို့က နိုဝင်ဘာ ၃၀ ရက် လကုန်နောက်ပိုင်းတွေ့ရင် ပစ်ခတ်ရှင်းလင်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ခင်ဗျားတို့ ဒီကျွန်းမှာမနေနဲ့တော့။ မမြင်ချင်ဘူး။ တခြားကျွန်းတွေမှာ သွားနေလို့လာပြောတယ်” ဟု ပြော သည်။
ယခုကဲ့သို့ လာရောက်နှင်ထုတ်သည့်အတွက် ဒေသခံတံငါသည် ရေလုပ်သားများ ဝမ်းစာရှာဖွေရေးအတွက် ထိခိုက်မှုများရှိပြီး စားဝတ်နေရေးအတွက် အခက်အခဲကြုံလာရနိုင်သည်ဟု ရေလုပ်သားများက ပြောသည်။
မိုးရာသီကုန်ဆုံး၍ ဆောင်းရာသီအစ ပွင့်လင်းရာသီရောက်လျှင် လောင်းလုံးမြို့နယ်ကမ်းခြေကျေးရွာများက ဒေသခံ ရေလုပ်သားတံငါသည်များသည် ပဲ့စင်ကျွန်းကိုလာ၍ ယာယီစခန်းချ နေထိုင်ကြပြီး တပိုင်တနိုင် ရေလုပ် ငန်း လုပ်ကိုင်လေ့ရှိကြသည်။
ထို့နောက် အဆိုပါ ရေလုပ်သားများသည် မိုးရာသီတွင် မိမိတို့ကျေးရွာများသို့ ပြန်လေ့ရှိကြသည်ဟု ဒေသခံ များ က ပြောသည်။
ကမ်းခြေကျေးရွာများမှ ပင်လယ်ငါးဖမ်းလုပ်ကွက်များဆီ သွားလာရသည်မှာ အလှမ်းဝေးကွာလွန်းသည့်အတွက် သယ်ယူပို့ဆောင်ရေး ခရီးစရိတ်များ သက်သာကာမိစေရန် ရေလုပ်သားတံငါသည်များ ပဲ့စင်ကျွန်းပေါ်တွင် ယာ ယီစခန်းချနေထိုင်ကာ ငပိ၊ ငါးခြောက်လုပ်ငန်းလုပ်ကိုင် နေကြခြင်း ဖြစ်သည်။
ပဲ့စင်ကျွန်းသည် ထားဝယ်ဒေသအတွင်းက ငါးဖမ်းလုပ်သမားများအတွက် အဓိကအားထားရသည့် ကျွန်းတစ် ကျွန်းဖြစ်သည်ဟုလည်း ရေလုပ်သားများက ပြောသည်။
မိရိုးဖလာ ကမ်းနီးရေလုပ်ငန်းဖြင့် အဓိက အသက် မွေးဝမ်းကျောင်းကြသည့် နေရာများဖြစ်ပြီး အဆိုပါ ထားဝယ် ကမ်းရိုးတန်းတစ်လျှောက်ရှိ လောင်းလုံမြို့ နယ်အတွင်း အဓိက အခြေပြုထားသည့် ကမ်းနီးရေလုပ်ငန်း လုပ် ကိုင်နေသည့် လှေအစီးရေ တစ်ထောင်ကျော်ရှိသည်။
အဆိုပါကျွန်းနေရာကိုလုပ်ငန်းရှင်များက ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် အစိုးရအဆက် ဆက် ကြိုးစားခဲ့ကြသည့် နေရာဖြစ်သည်။
ပဲ့စင်ကျွန်းအပါအဝင် အခြားကျွန်းနှင့် ကမ်းခြေများမှာ ကမ်းနီးရေလုပ်သားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်း၊ စားဝတ်နေရေးအတွက်သာမက သဘာဝရေဘေး၊ လေဘေးများအတွက်ပါ အရေးပါသည့် ကျွန်းများ ဖြစ်သည်။
စီးပွားရေး လုပ်ငန်းရှင်အချို့က ပဲ့စင်ကျွန်းကို မျက်စိကျ၍ လုပ်ပိုင်ခွင့်လျှောက်ဖူးသည့် ကျွန်းဖြစ်ပြီး ဒေသခံ တံငါသည် ရေလုပ်သားများနှင့် အရပ်ဖက်အဖွဲ့အစည်း ၁၆ ဖွဲ့တို့မှ ကန့်ကွက်ခဲ့ဖူးသည့် ကျွန်းတစ်ကျွန်း လည်း ဖြစ်သည်။