ရခိုင်ပြည်နယ်နေ့ကို စစ်တွေတွင် စစ်ကောင်စီက ကြီးမှူး ကျင်းပမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
ရခိုင်ပြည်နယ် စစ်ကောင်စီက ၄၇ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စစ်တွေမြို့တွင် လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပပေးသွားမည်ဟု ပြည်နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု လျော့နည်းလာခြင်းနှင့် နယ်မြေဒေသ တည်ငြိမ်နေသည့်အတွက် ရခိုင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက “ဟုတ်ပါတယ်။ အခမ်းအနားကို ဦးဥတ္တမခန်းမမှာ ပြုလုပ်ဖို့ စီစဉ် နေတာ” ဟု ပြောသည်။
ယခုနှစ်ကျင်းပမည့် ရခိုင်ပြည်နယ်နေ့တွင် ယခင်နှစ်များက ကျင်းပခဲ့သည့်နည်းတူ ရခိုင်ရိုးရာကျင်ပွဲနှင့် အခြား သော အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည် ဖြစ်သည် ဦးသန်းထွန်းက ပြောသည်။
ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဋ္ဌ ဒေါ်ညိုအေး က “ရခိုင်မျိုးနွယ်စုတင်မကဘူး ကျန်တဲ့မျိုးနွယ်စုတွေ အားလုံးကို လည်း သိုက်သိုက်ဝန်းဝန်းနဲ့ ပါဝင်ဆင်နွှဲစေချင်တယ်” ဟု ပြောသည်။
၂၀၂၀ ခုနှစ် ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ရန် ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့် We Love Rakhine အဖွဲ့တို့က ပူးပေါင်းကာ Online live ပုံစံဖြင့်သာ အကျဉ်းချုပ်ကျင်းပခဲ့ရသည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ရခိုင်ပြည် နယ်နေ့ အခမ်းအနားများကိုလည်း ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ရောက် တိုင်း နှစ်စဉ် ကျင်းပလာခဲ့ကြခြင်း ဖြစ်သည်။