ရွှေသောင်ယံကမ်းခြေမှ အိမ်သုံးလုံးကို စစ်ကောင်စီ မီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။

ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေမြို့ နယ်မြေတွင်းရှိ သစ်ပုတ်တံခါးကျေးရွာက နေအိမ် ၃ လုံး ကို PDF အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီက မီးရှို့ခဲ့သည်။

အင်အား ၆၀ ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ တစ်ဖွဲ့က သစ်ပုတ်တံခါးကျေးရွာကို ဝင်ရောက်စီးနင်းပြီး PDF များနှင့် ဆက်သွယ်သည်ဆိုကာ ဦးလေးကြီး ဆိုသူ၏ နေအိမ်အပါအဝင် နေအိမ် ၃ လုံးကို နိုဝင်ဘာလ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ဒေသခံများ ပြောသည်။

အားလုံးမလှုပ်နဲ့ ပစ်ထည့်လိုက်မယ်ဆိုပြီး တစ်ဒိုင်း ဒိုင်းနဲ့ ပစ်တယ် မီးလောင်ပြီး သေသွားတဲ့ ဝက်ပေါက်စ တောင်မချန်ဘူး ယူသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

မီးရှို့ဖျက်ဆီးခံလိုက်ရသည့် အဆိုပါ နေအိမ် ၃ လုံးတွင် နေထိုင်သူများထဲက လူလတ်ပိုင်းတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးသွားပြီး၊ ကျန်သည့်သူများအားလုံး ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဒေသခံ တစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုနေအိမ် ၃ လုံးကို မီးမရှို့မှီ နေအိမ်များအတွင်းရှိ အသုံးအဆောင်ပစ္စည်းများကို ထုတ်ယူကြသည့်အပြင် အိမ်ပိုင်ရှင်များက မွေးမြူထားသည့် ကြက်၊ ဝက်များကိုလည်း ပစ်သတ်၍ ယူသွားကြ သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သစ်ပုတ်တံခါးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးတွင် နိုဝင်ဘာ ၂၈ ရက်နေ့(ယနေ့) နံနက်ပိုင်းအထိ ဆက်လက်တပ်စွဲထားပြီး ၎င်းအိမ်ရှိ အသက် ၄၀ အရွယ် အမျိုးသမီးတဦးကိုလည်း ဖမ်းဆီး ထား၍ စိုးရိမ်နေကြရသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ တတိယအပတ် နောက်ဆုံးရက်များက ရွှေသောင်ယံကမ်းခြေမြို့နှင့် နယ်မြေထိစပ်နေသည့် ချောင်း သာကမ်းခြေမြို့တွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲများနှင့် ဆက်သွယ်သည်ဟု ဆိုကာ ဒေသခံ ၁၁ ဦးကို ဖမ်းဆီး သွားပြီး နေအိမ် တစ်လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ချိပ်ပိတ်ခဲ့ကြသည်။