NLD အဖွဲ့ဝင် ၅၇၃ ဖမ်းဆီးထိန်းသိမ်းခံရပြီး သေဆုံးသူ ၁၃ ဦးရှိပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။
စစ်အာဏာသိမ်းပြီးနောက် ၁၀ လတာကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ခေါင်းဆောင် များ အပါအဝင် ပါတီဝင်စုစုပေါင်း ၅၇၃ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၁၃ ဦး သေဆုံးခဲ့ရသည်ဟု NLD ဗဟို အလုပ်ကော်မတီ (CWC) က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုသို့ သေဆုံးသွားသူများထဲတွင် NLD ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရှေ့နေကြီး ဦးဉာဏ်ဝင်း အင်းစိန် ထောင်တွင် ကိုဗစ်-၁၉ (ကိုရိုနာဗိုင်းရပ်စ်) ရောဂါ ကူးစက်ခံခဲ့ရပြီး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူစဉ် ဇူလိုင် လ ၂၀ ရက်နေ့တွင် သေဆုံးသွားခြင်း ဖြစ်သည်။
“ဒီကိစ္စကို ပြောရမယ်ဆိုရင် ပြန်တော့ မပြောချင်ဘူး။ ဒါပေမယ့် ဒါကလည်း မပြောလို့ မရဘူးပေါ့နော်။ ဦး ဉာဏ်ဝင်း နေမကောင်းဖြစ်တုန်းကဆိုရင် အောက်စီဂျင်က ကျလိုက်တက်လိုက်နဲ့ တော်တော်လေးကို နေမ ကောင်းဖြစ်ပြီးတော့မှ ဆုံးသွားတာပါ။ ကျနော်တို့ အရင်တုန်းက ပြောခဲ့သလိုပဲပေါ့နော် ဒီသေဆုံးမှုက စစ် ကောင်စီပဲပေါ့နော်။ ကိုဗစ်ကြောင့် မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။ သူတို့အနေနဲ့ ထိုက်သင့်တဲ့ ပေးဆပ်မှု ပေး လျော်မှုကတော့ ပေးရမှာပဲ။ ဘယ်တော့မှလည်း မေ့မှာမဟုတ်ဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဗဟိုပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ပါတီဝင် ဦးအေးလှ၊ ဦးညွန့်ရွှေနှင့် ဦးဝင်းကြိုင်တို့သည် ထောင်တွင်းအကျဉ်းကျခံနေရစဉ် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အာဏာကိုသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့ အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံရသူများထဲတွင် ၁၂၈ ဦးက ပြန်လည်လွတ်မြောက်လာခဲ့ပြီး လက်ရှိ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်သည့် NLD ပါတီဝင် ၄၃၂ ဦးရှိသည်ဟု NLD ဗဟို အလုပ်ကော်မတီ (CWC)က ထုတ်ပြန်ထားသည်။
စစ်ကြောရေးကာလအတွင်း ၈ ဦးနှင့် အကျဉ်းကျနေစဉ်အတွင်း ၄ ဦးသေဆုံးခဲ့ကြပြီး၊ ပြန်လည်လွတ်မြောက် လာပြီးနောက် များမကြာမှီတွင် သေဆုံးသွားခဲ့သူ ၁ ဦး၊ သေဆုံးသူ စုစုပေါင်း ၁၃ ဦးရှိသည်ဟု NLD ပါတီဗဟို၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေးကြူလည်း ဖမ်းဆီးခံရမှုမှ ပြန်လည် လွတ်မြောက်လာပြီး တစ်လအကြာ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။
မုံရွာအောင်ရှင် ကွယ်လွန်ပြီးနောက် ၎င်း၏တပည့်တစ်ဦးဖြစ်သူတစ်ဦး “ဆရာ ယခုအကြိမ် ဖမ်းဆီးခံရခြင်းက လွတ်မြောက်လာရတဲ့ အကြောင်းအရာတွေကိုလည်းရှင်းပြပါတယ်။ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် မဖြစ် ခြင်း၊ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်မဟုတ်ခြင်း၊ အင်တာဗျူးတိုင်းတွင် စစ်တပ်ကို အကြောင်းမဲ့ဝေဖန် တိုက် ခိုက်တာမရှိခြင်း၊ အဂတိ နဲ့ တရားစွဲဆိုဖို့ အချက်လက် ရှာမတွေ့ခြင်း၊ အသက်ကြီးခြင်း၊ ကျန်းမာရေးဆိုးဝါး နေခြင်း ဒီအချက် ၆ ချက်ကို အခြေခံပြီး ဘယ်လိုခံဝန်ချက်မှ မထိုးရပဲ လွတ်မြောတ်လာတဲ့ အကြောင်း သိခဲ့ ရပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
NLD ပါတီဝင် ဦးခင်မောင်လတ်၊ ဦးဇော်မြတ်လင်း၊ ဦးကျော်ကျော် (ခ) အဂ္ဂမိုးညို၊ ဦးစိုးစံ၊ ဦးဖြိုးဝေထွန်း၊ ခွန်ဘွား ထိုသွေး၊ ဦးကျော်ဆန်းဦး၊ ဦးသန်းထွန်းဦး (ခ) မင်းကိုသိန်း (ခ) ဦးဖက်တီးတို့သည် စစ်ကြောရေးကာလအတွင်း သေဆုံးခဲ့သူများ ဖြစ်သည်။
ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ရှိသည့် NLDပါတီရုံးများ ဖောက်ခွဲ ခံရခြင်း၊ ဖျက်ဆီးခံရခြင်းများကလည်း အကြိမ်အရေအတွက်အားဖြင့် ၇၅ ကြိမ်ရှိပြီဖြစ်သည်ဟု NLD ဗဟို အလုပ်ကော်မတီက ဆိုသည်။
NLD ပါတီအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီအားဝန်းရံသည့် ပြည်သူများ၏ နေအိမ်နှင့် အဆောက်အဦများကိုလည်း ဥပဒေမဲ့ဝင်ရောက်ပြီး ပစ္စည်းများ သိမ်းဆည်းသယ်ယူသွားခြင်း၊ မီးရှို့ဖျက်ဆီးခဲ့ ကြသည်။
ထို့အပြင် အကြောင်းအမျိုးမျိုးပြ၍ နေအိမ်များကို ချိပ်ပိတ်သိမ်းဆည်းခံရသူ NLD ပါတီအဖွဲ့ဝင်များနှင့် လွှတ် တော်ကိုယ်စားလှယ်များ၊ ပါတီအားဝန်းရံသည့် ပြည်သူများ စုစုပေါင်း ၅၇ ဦးရှိသည်ဟုလည်း ဗဟိုအလုပ် ကော် မတီက ဖော်ပြထားသည်။
ဖမ်းဆီးခံရမှုများ၊ သေဆုံးခဲ့သူများ၊ ရုံးခန်းများ ဖျက်ဆီးခံရမှု စာရင်းများမှာ မြေပြင်အနေအထားတွင် NLD ဗဟို အလုပ်ကော်မတီ(CWC)မှ ကောက်ယူထားသည့် စာရင်းများထက် ပိုများပြားနိုင်ကြောင်းသည်ဟု ဆိုသည်။
ဓါတ်ပုံ – NLD