တရုတ် အာကာသယာဉ် အစိတ်အပိုင်းများ ရခိုင်ပင်လယ်အတွင်းကျမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။
မြန်မာ့ရေပိုင်နက်ဖြစ်သည့် ရခိုင်ပြည်နယ် ပင်လယ်ပြင်အတွင်းသို့ ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အတွင်း တရုတ်နိုင်ငံမှ အာကာသယာဉ် Space Flight အပိုင်းအစများ ကျရောက်မည်ဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့က သတိပေး ထုတ်ပြန်ထားသည်။
သံတွဲခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းသိန်းက “ Speace Flight အပိုင်းအစတွေ ခန့်မှန်း သတ်မှတ်ရက် အတွင်း ကျရောက်မယ်လို့ အထက်က စာဝင်ထားပါတယ်။ လေကြောင်း၊ ရေကြောင်းများ အန္တရာယ် ကင်းရှင်း စေဖို့ အသိပေးကြေညာထားပါတယ်“ ဟု ပြောသည်။
Spaceflight အာကာသယာဉ်၏ အစိတ်အပိုင်းမှာ မာန်အောင်လေဆိပ်၏ အနောက်တောင်ဖက် ရေမိုင် ၂၈ မိုင်၊ သံတွဲလေဆိပ်မှ ရေမိုင် ၁၈ မိုင်၊ ပုသိမ်လေဆိပ်မှ ရေမိုင် ၆၁ မိုင် အတွင်း ကျရောက်မည်ဖြစ်သည်ဟု အဆိုပါ သတိပေးထုတ်ပြန်ချက်တွင် ရေးသားဖေါ်ပြထားသည်။
Spaceflight အာကာသယာဉ်၏ အစိတ်အပိုင်းများကြောင့် တစ်စုံတစ်ရာ ထိခိုက်ဆုံးရှုံးမှု ဖြစ်ခဲ့လျှင် တရုတ်ပြည် သူ့သမ္မတ နိုင်ငံအနေဖြင့် အပြည့်အဝ တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရခိုင်ပင်လယ်ပြင်အတွင်းသို့ တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သော အစိတ်ပိုင်းများအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်တစ်ကြိမ်၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင် တစ်ကြိမ် ကျရောက်ခဲ့သေးသည်။
ဓါတ်ပုံ – ရခိုင်ပင်လယ်ပြင်သို့ ၂၀၂၁ခုနှစ် နိုဝင်ဘာ ၂၃ရက်နေ့က တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သော အစိတ်ပိုင်းတစ်ခု ကျရောက်စဉ် မြင်တွေ့ရပုံ။