သထုံလဝကရုံးကို ကာကွယ်ရေး တပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။
မွန်ပြည်နယ် သထုံမြို့ရှိ မြို့နယ် လဝက ရုံးကို မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ညနေပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ အဖွဲ့က ပြောသည်။
သထုံမြို့နယ် လဝကရုံး ဒီဇင်ဘာလ ၃ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင် အချိန်ခန့်က ဗုံးခွဲတိုက်ခိုက်ခံရပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် လဝကရုံးရှေ့တွင် ရပ်နားထားသည့် ဆိုင်ကယ်အချို့နှင့် ရုံးအဆောက်အဦအချို့ ထိခိုက် ပျက်စီးသွားသည်ဟု မြို့ခံများက ပြောသည်။
သထုံမြို့ခံ တစ်ဦးက “ပေါက်ကွဲမှုက မနေ့ညနေပိုင်းမှာ ဖြစ်သွားတာပါ။ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရတယ်။ အဲရုံးရှေ့မှာ ရပ်ထား တဲ့ ဆိုင်ကယ် ၃ စီးလို့ ပြောတယ် ဆိုင်ကယ်နဲ့ ရုံးအဆောက်အဦ တံခါး ထိခိုက်ပျက်စီးသွား တာ ရှိတယ်” ဟု ပြောသည်။
ထိုသထုံမြို့နယ် လဝကရုံး ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ် ဆောင်ခဲ့ခြင်းဖြစ်သည် ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် ပြည်သူလူထုများ အနေဖြင့်လည်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုကို ရှောင်ကြဉ်ပေးကြရန် လည်း မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့ က သတိပေးထုတ်ပြန်ထားသည်။
သထုံမြို့ပေါ်တွင် ပြီးခဲ့သည့် အပတ်အတွင်းကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အပါအဝင် တစ်မနက်အတွင်း ၅ နေရာ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာလ ၂ ရက်နေ့၊ ညကလည်း သထုံမြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ကားတစ်စီး လည်း ဗုံးခွဲတိုက်ခိုက်ခံခဲရသည့် ဖြစ်စဥ်ရှိခဲ့သည်။
သထုံမြို့ပေါ်တွင် ထိုကဲ့သို့သော ဗုံးပေါက်ကွဲမှု ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာသည့် ယခုရက်ပိုင်းတွင် စစ် ကောင်စီတပ်ဖွဲ့ဝင်များက မြို့အနှံ့ ရှာဖွေစစ်ဆေးမှုးများ ပိုမိုတင်းကြပ်လာသည့်အပြင် ညပိုင်းတွင်လည်း မြို့ အတွင်း လှည့်လည်ပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောသည်။