CDM ဝန်ထမ်းများ ရှိသော စက်ရုံကို အင်အားသုံး ရှင်းလင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။

မကွေးတိုင်း အောင်လံရှိ လူထုအာဏာဖီဆန်ရေး CDM ဝန်ထမ်းများနေထိုင်ရာ စက်ရုံတစ်ခုကို စစ်ကောင်စီ တပ်ဖွဲ့များက အင်အားသုံး ရှင်းလင်းခဲ့သည်ဟု စက်ရုံဝင်ထမ်းများက ပြောသည်။  

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျော်စွာဓာတ်မြေသြဇာစက်ရုံကို ဒီဇင်ဘာလ ၃ ရက်နေ့ တွင် အိမ်စီးကား အပါအဝင် စစ်ကား ၅ စီးဖြင့် ဝင်ရောက် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး သတင်းရ၍ ထွက်ပြေးတိမ်းရှောင် သွားသူများ၏ နေအိမ်တံခါးများကို ရိုက်ချိုးဖျက်ဆီးပြီး အတွင်းရှိ ပစ္စည်းများကိုလည်း ယူဆောင်သွားသည်ဟု စက် ရုံဝန်ထမ်းများက ပြောသည်။

တယောက်မှတော့ အဖမ်းမခံရဘူး လွတ်တယ် စက်ရုံအရာရှိဗိုလ်ထွက် စ်ယောက်ကနေ အိမ်တွေလိုက်ပြ တာပေါ့ ကျော်စွာစက်ရုံက မလည်တာကြာတော့ ဝန်ထမ်းတွေက နဂိုထဲက အဆင်မပြေကြဘူး CDM ဝန် ထမ်းတွေ ပိုခက်ခဲတာပေါ့ အခုတော့ လက်လွတ်ပြေးရတာ ဟု စက်ရုံဝန်ထမ်းတစ်ဦး က ပြောသည်။

ယခုကဲ့သို့ အင်အားသုံး ဝင်ရောက် မရှင်းလင်းမှီတစ်ရက်က ၂ ပတ် အတွင်း  လိုင်းခန်းဆင်းပေးရမည်ဟု စာထွက် ထားပြီး ဒီဇင်ဘာလ ၃ ရက်တွင် ယခုကဲ့သို့ အင်အားသုံးရှင်းလင်းခြင်းဖြစ်သည်။

ကျော်စွာဓာတ်မြေသြဇာ စက်ရုံတွင် ဝန်ထမ်းပေါင်း ၂၅၀ ရှိသည့်အနက် CDM ဝန်ထမ်း ၉၀ နီးပါးခန့် ရှိသည်။

ကျော်စွာ ဓာတ်မြေသြဇာစက်ရုံသည် သဘာဝဓာတ်ငွေ့ ကုန်ကြမ်း အခက်အခဲကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာ ကတည်း ရပ်ဆိုင်းထားရပြီး ယခုထုတ်၍ရသည့် အပိုင်းကို စလည်ပတ်ရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ဝန် ထမ်းအသစ်များ ထပ်ခန့်ထားသည်ဟု စက်ရုံဝန်ထမ်းဟောင်းများ က ပြောသည်။

ဝန်ထမ်းအသစ်တွေ ထပ်ခန့်ထားတယ် ဝန်ထမ်းအသစ်တွေ နေထိုင်စရာပေးဖို့ CDM တွေကို မောင်းထုတ်တဲ့ သဘောဗျ ဟု စက်ရုံဝန်ထမ်းဟောင်း တစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရသည် ကျော်စွာ ဓာတ်မြေသြဇာစက်ရုံ အပါအဝင် ပြည် ဒေသ တဝိုက်ရှိ စက်ရုံများ သဘာဝဓာတ်ငွေ့ ရရှိရေး အတွက် Korea EXIM Bank (KEDCF )ထံ အထူးသက်သာ သည့် အတိုးနှုန်းဖြင့် ချေးငွေရယူပြီး စက်ရုံလည်ပတ်နိုင်ရန်ပြင်ဆင်နေစဉ် စစ်တပ်က အာဏာသိမ်းခဲ့ခြင်း ဖြစ် သည်။

အောင်လံမြို့ရှိ ကျော်စွာဓာတ်မြေသြဇာစက်ရုံ၊ စလေနှင့်ကျွန်းချောင်း ဓာတ်မြေသြဇာစက်ရုံတို့သည် ယခင်က ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် ၉ နှင့် စက်မှုဝန်ကြီးဌာနတို့ ပူးတွဲလုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ပုဂ္ဂလိက ဖက်သို့ လွှဲပြောင်းပေးခဲ့ထားသည့် စက်ရုံများဖြစ်သည်။

ယင်းစက်ရုံများကို ပုဂ္ဂလိက ဘက်ကို လွဲပြောင်းပေးထားသော်လည်း စက်ရုံမှူး အပါအဝင် စီမံအုပ်ချုပ်ရေး ပိုင်း များကိုမူ အရပ်သားအသွင်ပြောင်း စစ်ဗိုလ်များကသာ စီမံခန့်ခွဲနေခဲ့ကြောင်း စုံစမ်းသိရသည်။

ယူးရီးယား ဓာတ်မြေသြဇာ မက်ထရစ်တန် ၆၀၀ ထုတ်နိုင်သည့် အမှတ် ၃ ဓာတ်မြေသြဇာစက်ရုံဖြစ်သည့် ကျော် စွာစက်ရုံကို ဂျာမဏီနိုင်ငံ UHDE ကုမ္ပဏီက တည်ဆောက်ခဲ့ပြီး ၁၉၈၅ ခုနှစ် ဇူလိုင်လတွင် စတင် လည်ပတ်ခဲ့ သည်ဟု သိရသည်။

ဓါတ်ပုံ – ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက ကျော်စွာဝန်ထမ်းများ ဆန္ဒပြသည့်ပုံ (ပုံဟောင်း)