မတ္တရာတွင် စစ်ကောင်စီ တပ်များက အိမ်များကို မွှေနှောက်ပြီး အိမ်တစ်အိမ်ကို မီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကင်းရွာတွင် စစ်ကောင်စီတပ်က အိမ်များကို ဝင်ရောက်မွှေနှောက်ပြီး နေအိမ်တစ်အိမ်ကို မီးရှို့ဖျက်ဆီးသွားသည်။

ကင်းရွာက ကိုကျော်မိုးဆိုသူသည် PDF များကို လှူဒါန်းကူညီမှုများ ပြုလုပ်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၎င်း၏ နေ အိမ်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂ ရက်နေ့က မီးရှို့သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

PDF ကို လှူတယ် ဆက်သွယ်တယ်ဆိုပြီး ကျော်မိုးထွန်း အိမ်ကိုမီးရှို့တာ။ခုလည်း ကောင်မလေး တစ် ယောက်ကို ဖမ်းပြီး အိမ်တွေလိုက်ပြခိုင်းနေတယ် ဟု ကင်းရွာဒေသခံ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် ၁ နာရီ အချိန်ခန့်က ကိုကျော်မိုးဆိုသူ၏နေအိမ်ကို စစ်သားများ မီးရှို့ဖျက်ဆီးသွား ခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကင်းရွာ ဥက္ကဋ္ဌ သတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ကင်းရွာတောင် ကျောင်းတွင် တပ်စွဲထားပြီး ဒီဇင်ဘာလ ၂ ရက်နေ့၊ ည ၁၁ နာရီ အချိန်ခန့်မှ စတင်၍ အိမ်များကို ဝင်ရောက် မွှေ နှောက်ရှာဖွေမှုများ ပြုလုပ်နေကြပြီး ဈေးဆိုင်ဖွင့်ထားသည့် အိမ်များရှိ ပစ္စည်းများကိုလည်း ဝင်ယူခြင်း၊ အတင်း အဓမ္မ လုယူခြင်းများ စသည့် ချိုးဖောက်မှုများကို လုပ်ဆောင်နေသည်ဟု ဆိုကြသည်။

မတ္တရာမြို့နယ်အတွင်းရှိ သဖန်းကိုင်း၊ ကင်းရွာ၊ ဇီးဖြူပင်၊ တောင်နီ၊ တောင်ခေါင်း၊ တံတားဖြူ နှင့် တောင်ခြေ ကျေးရွာများနှင့် အနီးတွင်ရှိသည့် အခြားသောကျေးရွာများတွင်လည်း ရွာသူရွာသားများ မနေရဲကြဘဲ ရွာလုံး ကျွတ်ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသည်။