ဂိတ်ဖြတ်သော အမျိုးသမီးများ ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များက အမျိုးသမီးငယ် ၄ ဦးနှင့် မိသားစုဝင် ၅ ဦးကို ဒီဇင်ဘာ ၂ ရက်နေ့က ဖမ်းဆီးလိုက်သည်။
အမျိုးသမီးငယ် ၄ ဦးသည် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုသိမ်မြစ်ကူး တံတား သစ်ကို ပိတ်ဆို့စစ်ဆေးစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။
“တံတားပေါ်ဖြတ်မယ့် မိန်းခလေးတွေကို နာမည်မေးတယ်။ ဘယ်ကလာလဲ မေးတယ်။ မှတ်ပုံတင်ပြခိုင်း တယ်။ ပြီးတော့ စာရွက်ထဲက နာမည်စာရင်းနဲ့ တိုက်ကြည့်တယ်။ ယောက်ျားလေးတွေကို မစစ်ဘူး” ဟု ပုသိမ်မြို့ခံ ဦးမြင့်အေး က ပြောသည်။
ထိုနေ့တစ်နေ့ထဲမှာပင် ပုသိမ်မြို့ တစ်ဘက်ကမ်း အမှတ် ၁၀ ရပ်ကွက်၊ ပိတောက်ချောင်းကုန်းနေ ဦးစိုးပိုင် နှင့် မိသားစုဝင် ၅ ဦးကို စစ်ကောင်စီက ညပိုင်းတွင် ဖမ်းသွားခဲ့သည်ဟု ဒေသခံအုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
” ဦးစိုးပိုင်တို့ မိသားစုကတော့ NLD ဝန်းရံသူတွေမို့ အဖမ်းခံရတာပါ။ မိန်းကလေးတွေကတော့ ဘာကြောင့် ဖမ်း မှန်း မပြောတတ်ဘူး” ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ပုသိမ်မြို့၊ ပုသိမ်မြစ်ကူး တံတားသစ် နှစ်ဘက် အတက်အဆင်းကို ပိတ်ဆို့ပြီး အမျိုးသမီး ငယ်များကိုသာ အထူးတလည် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်ဟူ စစ်ဆေးခံရသူ အချို့၏ ပြောပြချက်များ အရ သိရသည်။
PDF သင်တန်းဆင်း လူငယ် အမျိုးသမီးများ ပုသိမ်ခရိုင် အတွင်းသို့ ဝင်ရောက်လာသည်ဆိုသည့် သတင်းများ ကြောင့် စစ်ကောင်စီက ဒေသတွင်း လုံခြုံရေးကို ပိုမိုတင်းကြပ် ဆောင်ရွက်နေပြသည်ဟု စစ်ကောင်စီ အုပ်ချုပ် ရေးရုံး အသိုင်းအဝိုင်းနှင့် နီးစပ်သူများ က ပြောသည်။