ဆိုင်ကယ်စီးလာသည့် ရာအိမ်မှူး လင်မယား သေနတ်ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်။
တောင်ဒဂုံမြို့နယ်တွင် ဆိုင်ကယ်စီးလာသော ရာအိမ်မှူး လင်မယား ဒီဇင်ဘာ ၄ ရက်နေ့က ပစ်ခတ်ခံရသည်ဟု ပစ်ခတ်မှု ဖြစ်ပွားသော ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။
တောင်ဒဂုံမြို့နယ်၊ ၁၇ ရပ်ကွက်အတွင်း ဒီဇင်ဘာလ ၄ ရက်နေ့၊ မွန်းလွဲပိုင်းက ရာအိမ်မှူး လင်မယား ဆိုင်ကယ်စီးလာစဉ် လက်နက်ကိုင်အချို့က သေနတ်ဖြင့် ပစ်ခတ်သောကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများကို ပြောသည်။
“ဆိုင်ကယ်နဲ့ပဲ လာပစ်သွားတာ။ ထိတာတော့ နှစ်ယောက်လုံးထိတာ။ သူ့မိန်းမကတော့ အဲ့ဒီမှာ တင်သေသွား တယ်” ဟု ဆိုင်ကယ်ကယ်ရီ မောင်းနှင်သည့် အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ၁၃၃ ရပ်ကွက်က ရာအိမ်မှူး ဦးသန့်ဇင်နှင့် ၎င်း၏ ဇနီးတို့ ဖြစ်သည်ဟု ၁၇ ရပ်ကွက် အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“သူ့ရပ်ကွက်မှာ ဘာတွေလုပ်ခဲ့လို့လဲတော့ မသိဘူး။ ဆိုင်ကယ်မောင်းနေတုန်း ပစ်ခံရတာ။ ယောက်ကျား လုပ် သူကတော့ မသေသေးဘူးလို့ ကြားတယ်” ဟု ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ရာအိမ်မှူး ဦးသန့်ဇင်၏ ဇနီးရင်ဘတ်ကို ကျည်ထိမှန်ကာ အခင်းဖြစ်သည့် နေရာ တွင် သေဆုံးသွားခဲ့ပြီး ဦးသန့်ဇင်လည်း ကျည်ထိမှန်ခဲ့သည်။
ရာအိမ်မှူးလင်မယား သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မြို့နယ် အတွင်းရှိ ဆိုင်ကယ်များကို အဓိကထား ရှာဖွေမှုများပြုလုပ်ခဲ့သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြော သည်။