ကြည့်မြင်တိုင် စစ်ကားတိုက် ဖြိုခွဲမှု အနည်းဆုံး ၄ ဦးသေ၊ လူငယ် ၁၀ ဦးကျော် ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်။
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက် ၈ နာရီခွဲဝန်းကျင်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို စစ်ကားဖြင့်တိုက်ကာ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အဆိုပါလမ်းအတွင်း နေထိုင်သူများက ပြောသည်။
သပိတ်စစ်ကြောင်း ကားတိုက်ဖြိုခွင်း၊ ပစ်ခတ်ဖမ်းဆီးခံရမှုကြောင့် ဆန္ဒပြလူငယ် ၄ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
အကြမ်းဖက်ဖြိုခွင်းမှုကို မျက်မြင်တွေ့ရှိခဲ့သည့် အသတ် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက “သပိတ်စဖို့ လူစုပြီး စထွက်တုန်းရှိသေးတယ် နောက်ကနေ Double Cup ကားနဲ့ဝင်တိုက်တာ။ ၃ ယောက်တော့ အဲ့ဒီမှာတင် သေသွားတယ်။ အသက်ငင်နေတဲ့ ကလေးတစ်ယောက်ကိုလည် ဝိုင်းကန်နေကြတာ။ ဖမ်းခံရတဲ့သူတွေလည်း ရှိ တယ်” ဟု ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဆန္ဒပြလူအုပ်ကို ကားဖြင့်ဝင်တိုက်ခဲ့သည့်အပြင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး သဖြင့် သေနတ်ထိမှန်သူ အချို့ရှိခဲ့သည်။
“ဆန္ဒပြသံ ကြားကြားချင်း ကားနဲ့ရောက်ချလာတာ အံ့သြဖို့ကောင်းတယ်။ မျက်စိရှေ့မှာတင် ကားနဲ့တိုက်လို့ မိန်း ကလေး နှစ်ယောက်ကျသွားတယ်။” ဟု အဆိုပါ လမ်းအတွင်းနေထိုင်သည့် အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဆန္ဒပြလူအုပ်ကို အကြမ်းဖက်ဖြိုခွင်းပြီးနောက် ဝိုင်းကြည့်နေသည့် ရပ်ကွက်နေ ပြည်သူများကိုလည်း သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်ပြီး အထဲဝင်ခိုင်းသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများ က ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် MPA သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက် ပါဝင်ပြီး စုစုပေါင်း လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။
စစ်ကောင်စီက ဆန္ဒပြလူအုပ်ကို အနောက်မှ ကားဖြင့်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းမှုကို ရိုက်ကူးထားသည့် ရုပ်သံ ဗီဒီယိုဖိုင်သည်လည်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြန့်နှံ့လာခဲ့သည်။
ဒီဇင်ဘာလ ၅ ရက်နေ့ ပြုလုပ်သည့် ကြည့်မြင်တိုင်သပိတ်ကို စစ်ကားဖြင့် အကြမ်းဖက်ဝင်ရောက် ဖြိုခွင်းသည့် ဖြစ်စဉ်အပေါ် လက်တုန့်ပြန်မည်ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် လက်နက်မပါသော အပြစ်မဲ့ပြည်သူများအပေါ် လူမဆန်ဘဲ ရက်စက် ယုတ်မာစွာ သတ်ဖြတ်မှု ကျူးလွန်ရန်အတွက် အမိန့်ပေး ညွှန်ကြားခိုင်းစေခဲ့သည့် အကြမ်းဖက်စစ်တပ်နှင့် ၎င်း တို့၏ လက်ပါးစေ အားလုံးကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့အပြင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ အနေဖြင့် တော်လှန်ရေး အရှိန်ကို ယခုထက် ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။