ပုသိမ်တွင် နေအိမ်တစ်လုံးကို စစ်ကောင်စီ ချိပ်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ တစ်ဘက်ကမ်း၊ အမှတ် ၁၀ ရပ်ကွက် ပိတောက်ချောင်းကုန်းရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်။
အမှတ် ၁၀ ရပ်ကွက် ပိတောက်ချောင်းကုန်းတွင် နေထိုင်သည့် ဦးစိုးပိုင် အပါအဝင် မိသားစုဝင် ၅ ဦး ကို ဖမ်းဆီး ပြီးနောက် ၎င်းတို့၏နေအိမ်ကို ဒီဇင်ဘာ ၄ ရက်နေ့က စစ်တပ်နှင့် ရဲများရောက်ရှိလာပြီး ချိပ်ပိတ်သွားခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။
“PDF တွေကို ထောက်ပံ့တယ်လို့ ဒလန်က သတင်းပေးလိုက်လို့ စစ်တပ်က အိမ်သားတွေကို ဖမ်းပြီး အိမ်ကို ချိပ် ပိတ်လိုက်တာ” ဟု မိသားစု နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
ဦးစိုးပိုင် နှင့် မိသားစုကို ဒီဇင်ဘာလ ၂ ရက်နေ့ ညက ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးစဥ်က နေအိမ်တွင်ရှိနေသည့် ပုဇွန် ခြောက်အိတ်များ နှင့် အဝတ်အထည် အသစ်များကိုလည်း သိမ်းဆည်းသွားသည်ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ် သူများ၏ ပြောပြချက်အရ သိရသည်။
ဦစိုးပိုင် နှင့် မိသားစုသည် ပုဇွန်ခြောက်ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းကိုလုပ်ကိုင်သည့် အပြင် အဝတ်အထည်များကိုလည်း အွန်လိုင်းမှ ရောင်းသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။
“အဝတ်အထည်တွေကို သိမ်းတုန်းက မိန်းကလေးဝတ် အတွင်းခံတောင် မချန်ဘူး။ အကုန်သိမ်းသွားတယ်” ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
ပုသိမ်မြို့ခံ ဦးကိုကိုလေးက စစ်ကောင်စီ တပ်ဖွဲ့များသည် စီစစ်မှုမရှိဘဲထင်ရာမြင်ရာကို ရမ်းသမ်းဖမ်းဆီးမှုများ လုပ်နေသဖြင့် ပုသိမ်မြို့ရှိ ရဲစခန်း ၂ ခု အတွင်းရှိ အချုပ်ခန်းတွင် လူများ ပြည့်ကျပ်နေသည်ဟု ပြောသည်။
ပုသိမ်မြို့တွင် နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ နေအိမ်၊ ဆေးခန်း၊ ပညာဒါနကျောင်း၊ လက်ဖက်ရည်ဆိုင် စသည့် နေရာများ အပါအဝင် နေရာ ၇ ခု ချိပ်ပိတ်ခံထားရပြီးနောက် ဦးစိုးပိုင်၏ နေအိမ်သည် နေရာ ၈ နေရာ မြောက် ထပ်မံ ချိပ်ပိတ်ခံရခြင်း ဖြစ်သည်။
ဓါတ်ပုံ – ပုသိမ်တစ်ဘက်ကမ်း ရပ်ကွက် ၉ /၁၀တွင် မတ်လတွင် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် (ပုံဟောင်း)