လောင်းလုံး တရားရုံး ဗုံးကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်။
ထားဝယ်ခရိုင် လောင်းလုံးမြို့၊ မြို့နယ်တရားရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
တနင်္သာရီတိုင်း လောင်းလုံးမြို့ မြို့မ အားကစားကွင်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် တရားရုံးတွင် ဒီဇင်ဘာလ ၈ ရက်နေ့၊ ည ၇ နာရီဝန်းကျင် အချိန်ခန့်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုပြင်းထန်သည့် အတွက် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များကို ဗုံးစများ ထိမှန်ခဲ့သည်။
“အရင်ရက်ပိုင်းတွေမှာ ညတိုင်းလိုလို စစ်ကောင်စီ တပ်သားတွေ လုံခြုံရေးရှိနေတယ်။ မနေ့ညက မရှိဘူးလို့ သိရတယ်။ ဗုံးကပေါက်တာ ပြင်းတယ်။ ရုံးအနောက်ဖက် အိမ်တွေ ဗုံးအစအနတွေ စင်ပြီးထိမှန်သေးတယ်” ဟု အသက် ၅၀ အရွယ် လောင်းလုံမြို့ခံ တစ်ဦး က ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း တရားရုံး အဆောက်အဦ ထိခိုက်ပျက်စီးမှု များရှိ နေသည်ဟု ဒေသခံများက ဆိုသည်။
သို့သော် မည်သည့်အတိုင်းအတာထိ ပျက်စီးသွားသည်ကို သွားရောက်ကြည့်ရှုရန် အတွက် ဗုံးပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်ရသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သံသယဖြင့် ဖမ်းဆီးမည်ကိုလည်း စိုးရိမ်သည့် အတွက် သွားမကြည့်ရဲကြဟု ဒေသခံများက ဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယခုသတင်းရေးသားနေသည့်အချိန် ဒီဇင်ဘာလ ၉ ရက်နေ့ထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ လာရောက်စစ်ဆေးခြင်းနှင့် လုံခြုံရေးချထားခြင်းများ မရှိသေးလည်း ဆိုကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယင်းတရားရုံးရှိသည့် (ဃ) ရပ်ကွက်မှာပင် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖေါက်ခွဲ ခံခဲ့ရ သေးသည်။
လောင်းလုံမြို့နယ်တရားရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုများကို အသးစိတ် အတည်ပြု နိုင်ရန် သတင်းနှင့်မီဒီယာကွန်ယက် သတင်းဌာနမှ ဆက်လက်စုံစမ်းလျက်ရှိသည်။