ခြိမ်းခြောက်မှုများ ကြားမှ ပြည်နယ်မြို့များမှ ပြည်သူများ အသံတိတ်သပိတ်တွင်ပါဝင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

အသံတိတ်သပိတ် Silent Strike ကို ခြိမ်းခြောက်မှု၊ ပိတ်ပင်မှုအချို့ရှိခဲ့သော်လည်း ပြည်နယ်အသီးသီးက မြို့ နယ်များ အပါအဝင် နိုင်ငံတဝှမ်းတွင် ပြည်သူလူထု အများအပြားက ပါဝင်ခဲ့ကြသည်။

အသံတိတ် သပိတ်နေ့ဟု သတ်မှတ်ပြီး ပါဝင်ကြသည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့က စျေးဆိုင်များကို ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ မပိတ်ကြရန်နှင့် အားလုံးပြန် ဖွင့်ထားကြရန် ယနေ့ နံနက်ပိုင်းတွင် စည်ပင်က လိုက်လံဆော်ဩခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“စျေးဆိုင်တွေ ပိတ်ထားရင် စည်ပင်သာယာရေး ဥပဒေနဲ့အညီ ဆိုင်တွေကို တစ်လပိတ်ခံရမယ်လို့ လိုက်ပြီး အော်နေတာ။ အဲ့လို ခြိမ်းခြောက် သတိပေးနေတယ်” ဟု မူဆယ်ဒေသခံတစ်ယောက်က ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီဘက်က လိုက်လံခြိမ်းခြောက်ခဲ့သော်လည်း စျေးဆိုင်အများစုက ပိတ်ထားသည်ဟု မူဆယ် ဒေသခံများက ပြောသည်။

“သူတို့လိုက်အော်နေတာပဲ။ ဒါပေမယ့် ဆိုင်တွေကလည်း အကုန်လုံးပဲ တော်တော်များများက ပိတ်ထားကြတယ်” ဟု မူဆယ်မြို့မစျေးက စျေးသည်တစ်ဦးက ပြောသည်။

ထိုသို့ ခြိမ်းခြောက်ပြီးနောက် မကြာမှီအချိန်တွင် မူဆယ်မြို့ရှိ စည်ပင်ရုံး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင်လည်း ဒီဇင်ဘာလ ၉ ရက်နေ့ ကတည်းက အသံတိတ်သပိတ်လုပ်ပါ က အသက်နှင့် စီးပွားဥစ္စာများကို အာမ မခံဘူးဆိုသည့် ခြိမ်းခြောက်စာများ လမ်းမများပေါ်မှာ ပျံ့နှံနေသည်ဟု ဒေသခံများက ပြောသည်။

စျေးဆိုင်များပိတ်ပြီး အရောင်းအဝယ်မလုပ်ပါက တသက်လုံး ဆိုင်များ ပိတ်သိမ်းသွားကြရန်နှင့် နောက်ရက် များတွင် ဆိုင်များပြန်ဖွင့်ပါက အသက်နှင့် စီးပွားဥစ္စာများ အာမခံချက်မရှိဘူးဆိုသည့် အကြောင်းအရာများပါ စာများ ပျံ့နှံ့နေသည်ဟု ဟုမ္ပလင်းမြို့က ဒေသခံတစ်ယောက်က ပြောသည်။

အဆိုပါစာများကို စစ်ကောင်စီထောက်ခံသူများနှင့် ပျူစောထီးအဖွဲ့ဝင်များက ဖြန့်ဝေခြင်း ဖြစ်နိုင်သည်ဟု ဒေသ ခံများက ဆိုသည်။

ထို့အပြင် အသံတိတ်သပိတ်ပြုလုပ်မည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စျေးဆိုင်များ ဖွင့်ရန် မှော်ဘီမြို့မစျေး၊ ပြည်လမ်းမတလျှောက်အပြင် ပြည်မြို့နှင့် မကွေးမြို့တို့တွင်လည်း စစ်ကောင်စီ လက်အောက်ခံဌာနများက အတင်းအကြပ်ဖိအားပေးမှုများရှိနေသည်ဟု ဒေသခံများက ဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် ပြုလုပ်သည့် အသံ တိတ် သပိတ်ကို NLD ပါတီက ညွှန်ကြားထားခြင်းမျိုး မရှိဟုဆိုသည့် ပါတီရုံးတံဆိပ်အတုနှင့် ရေးသားထားသည့် စာတစ်စောင်လည်း ဒီဇင်ဘာလ ၉ ရက်နေ့ (ယမန်နေ့) က အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည်။

နိုင်ငံတဝှမ်းက ပြည်သူများက ခြိမ်းခြောက်မှု အမျိုးမျိုးကြားထဲက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း အသံ တိတ်သပိတ်တွင် ပါဝင်နေသည်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ (ယနေ့)တွင် ပေးပို့လာသည့်သတင်းများ၊ ဓါတ်ပုံ များအရ တွေ့ရသည်။

ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် အနေ ဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း သွားလာလှုပ်ရှားမှုများရပ်ခြင်း၊ စျေးဆိုင်၊ အလုပ်ရုံများ ပိတ်ခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး တစ်လအကြာ မတ်လတုန်းကလည်း အသံတိတ်သပိတ်ပြုလုပ်ခဲ့ဖူးပြီး ယင်း သပိတ်ပြုလုပ်စဉ်ကလည်း တစ်နိုင်ငံလုံးရှိ ပြည်သူလူထုက ပါဝင်ခဲ့ကြသည်။