မော်လမြိုင်ကျွန်းတွင် ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းတွင် ပျူစောထီး ခေါင်းဆောင်ဟု လူသိများသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရသည်။

ညောင်တုန်းစုကျေးရွာတွင် နေထိုင်သည့် တိုင်းလုံးပျော် စား သောက်ဆိုင်ပိုင်ရှင်လည်းဖြစ် ပျူစောထီးခေါင်း ဆောင်ဟုလည်း လူသိများသူ အသက် ၄၈ နှစ် ခန့်ရှိ ဦးဌေး ညောင်တုံးစုကျေးရွာနှင့် စခန်းကြီးကျေးရွာအကြား ကားလမ်းပေါ်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဒေသ ခံများက ပြောသည်။

ဒီဇင်ဘာ ၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ဖြစဉ်နှင့် ပတ်သက်၍ “ပစ်သတ်ခံရတဲ့နေရာက လူပြတ်တယ်။ ဘယ်သူ ဘယ်ဝါတွေက သတ်တာလည်း မသိဘူး။ အပစ်ခံရတဲ့ နေရာ မှာပဲ ပွဲချင်းပြီးသေတဲ့ပုံစံမျိုးပဲ” ဟု စခန်း ကြီးကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

ပျူစောထီးခေါင်းဆောင် ဦးဌေး က စစ်တပ်နှင့်ပူးပေါင်း၍ မြေယာများ သိမ်းယူခြင်းကြောင့် မြေယာမဲ့ ဖြစ်သွား သူများရှိနေပြီး စစ်ကောင်စီလက်အောက်ခံတပ်တွေအား ၎င်းက သတင်းပေးတိုင်ကြားသဖြင့် ဖမ်းဆီးခံသူများ လည်း ရှိနေသည်ဟု ဒေသခံ အချို့ကပြောသည်။

ဦးဌေး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး အခင်းဖြစ်သည့် အနီးဝန်းကျင် ကျေးရွာများ ကို ရှာဖွေစစ်ဆေးမှု ပြုလုပ်ပြီး ညောင်တုံးစု နှင့် စခန်းကြီးကျေးရွာခြင်း ဆက်နေသည့် လမ်းပေါ်က ဆိုင်ကယ်စီး လူငယ် ၄ ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

ညောင်းတုံးစု ရွာခံတစ်ဦး “အဖမ်းခံရတဲ့ လူငယ်တွေက ဒီနယ်ဘက်က မဟုတ်ဘူး။ ကန်ကျောက်ထိုးကြိတ် ပြီး ဖမ်းသွားကြတာ” ဟု ပြောသည်။

ဒေသခံ ပြောက်ကျား တပ်ဖွဲ့များဖြစ်သည့် ဧရာဗေဒါ နှင့် ဧရာဝတီလင်းပိုင် ပူးပေါင်းအဖွဲ့က တိုင်းလုံးပျော် စား သောက်ဆိုင်ပိုင်ရှင် ဦးဌေး၏ စစ်ကောင်စီ အလိုကျ လုပ်ဆောင်မှုများကို စောင့်ကြည့် စိစစ်၍ တော်လှန်ရေး၏ ဆူးညှောင့်ခလုတ် ဖြစ်နေသဖြင့် သုတ်သင်ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန် ထားသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးဖြစ်သည့် ရပ်ကျေးစာရေးတစ်ဦး အောက်တိုဘာလ အတွင်းပစ်သတ်ခံရပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီ သတင်းပေး နွားမှောင်ခိုသမား တစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်။

ထို့နောက် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ သတင်းပေးဖြစ်သည့် အမှတ် ၁၂ ရပ်ကွက်ရုံး ဌာနေပြည် သူ့စစ် တပ်ခွဲရုံး၏ ခေါင်းဆောင်တစ်ဦး ပစ်ခတ်ခံရပြီး လက်မောင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းက စစ်ကောင်စီ သတင်းပေးဒလန်များအား သုတ်သင် ရှင်းလင်း ပစ်ခတ်မှုများ ကို ဒေသခံ ပြောက်ကျားအဖွဲ့များက ၎င်းတို့လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက် အသီးသီးထုတ်ထားကြသည်။