မူလတန်းပြ ဆရာမ တစ်ဦး သေနတ်ဖြင့် ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

ရန်ကုန် ဒဂုံမြို့သစ် တောင်ပိုင်းတွင် မူလတန်းပြ ဆရာမတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

ဒီဇင်ဘာလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါ Non CDM ဆရာမ ကျောင်းမှ ပြန်လာစဉ် ပစ်ခတ်ခံရခြင်း ဖြစ် သည်။

“သူ့အိမ်ရှေ့မှာပဲ အပစ်ခံရတာ။ အိမ်ထဲဝင်ဖို့ လုပ်နေတဲ့အချိန်မှာ ဆိုင်ကယ်နဲ့လာပစ်သွားတာ”ဟု ရက်ကွက် အတွင်းနေထိုင်သူ တစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မူလတန်းပြဆရာမ ဒေါ်ဇွန်ထက်ထက်ဝင်းသည် ချင်းတွင်းလမ်းအတွင်းရှိ သူမ၏ နေအိမ်သို့ စက်ဘီးဖြင့်ပြန်လာစဉ် အမည်မသိ လက်နက်ကိုင်အချို့က လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သစ်ဆိုင်ကွေ့မှတ်တိုင်အနီးနေထိုင်သည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

မူလတန်းပြဆရာမ ဒေါ်ဇွန်ထက်ထက်ဝင်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် လက်မောင်းနှစ်ဖက်နှင့် လက် ပြင်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သော်လည်း အသက်သေဆုံးခြင်းမရှိဟု ရပ်ကွက် အတွင်းနေထိုင်သူ များက ပြောသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဧရာဝဏ် ရဲစခန်းအနီးရှိ မောင်းမကန်လမ်းအား ပိတ်ထားခဲ့ပြီး အမျိုးသား နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို ရဲစခန်းအတွင်းမှ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည်ဟု ရပ်ကွက် အတွင်းရှိ ဆိုင်ကယ်ကယ်ရီမောင်းသူများက ပြောသည်။

“လမ်းပိတ်ပြီး ကားတွေကိုပြန်လှည့်ခိုင်းတယ်။ ပြီးတော့ လမ်းကြားထဲက ထွက်လာတဲ့ ဆိုင်ကယ်တစ်စီးကို လိုက်ပစ်တာ ၆ ချက်လောက် ရှိတယ်။ ထိလားမထိလားတော့မသိဘူး” ဟု ဆိုင်ကယ်ကယ်ရီ မောင်းသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့တုန်းကလည်း အရှေ့ဒဂုံ အ.ထ.က (၂) က Non CDM အထက်တန်းပြ ကျောင်း ဆရာမတစ်ဦး ကျောင်းသို့ သွားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့သေးသည်။