လောင်းလုံးတွင် ရွာသား ၂၀ ခန့်အား စစ်ကောင်စီ ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာတွင် PDF များရှိနေသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဒေသခံရွာသား ၂၀ ခန့်ကို ဖမ်းဆီးသွားပြီး နေအိမ်များကိုလည်း ဖျက်ဆီးသွားသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

ဒီဇင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်း ၇ နာရီဝန်းကျင် အချိန်တွင် ကားနှစ်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန်ွှ ကညုံကျွန်းကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအတွင်းက ရွာသား ၂၀ နီးပါးခန့်ကို ဖမ်းဆီးသွားခြင်း ဖြစ် သည်။

ကညုံကျွန်းကျေးရွာက အသက် ၄၀ အရွယ်ခန့်ရှိသူ ရွာသားတစ်ဦး က “ရွာမှာ PDF တွေရှိနေတယ်ဆိုပြီး လာဝင် မွှေတာ။ အိမ်တံခါးတွေ ရိုက်ချိုးဖျက်ပြီး ဝင်ရှာတာ ဖမ်းတာတွေ လုပ်တယ်။ တချို့အိမ်တွေက ငွေကြေးတွေ အဖိုးတန်ပစ္စည်းတွေကိုလည်း ယူသွားကြတယ်“ ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအနီးရှိ ဓနိတောများနှင့် သင်္ချိုင်းသုဿန်နေရာတို့တွင်လည်း ဝင်ရောက်ရှာ ဖွေခဲ့ကြပြီး သေနတ်များ ပစ်ဖောက်၍ ထွက်ပြေးလျှင်ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြသည်ဟု ကညုံ ကျေးရွာနေ ရွာသားများက ပြောသည်။

ထိုသို့ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေစဉ် အချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံ အင်အားဖြည့် ရောက် ရှိလာသေးသည်ဟု ရွာသားများက ဆိုသည်။

ဓနိတောများအတွင်း အလုပ်ကိုင်နေသည့် ဓနိလုပ်သားများနှင့် စပါးရိတ်သိမ်းနေသည့် လယ်သမားများက ဝင် ထွက်သွားလာ၍ မရတော့ပဲ ပိတ်မိနေခဲ့ကြသည်။

ဓနိလုပ်သားများနှင့် လယ်သမားများက ၎င်းတို့ကို PDF ဟု ထင်မှတ်ပြီး စစ်ကောင်စီက ပစ်ခတ်ခံမည်ကို စိုးရိမ်ခဲ့ကြရသည်ဟု ရွာသားများက ဆိုသည်။

ကညုံကျွန်းကျေးရွာသည် လောင်းလုံမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးပြီး ထားဝယ်မြစ်ကမ်းနံဘေးရှိ ကျေးရွာ တစ်ခုဖြစ်သည်။ ဓနိတောလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်နေသည့် ကျေးရွာဖြစ်သည်။