ညပိုင်း ဆိုင်ကယ်စီးသူ တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ပစ်သတ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ဒီဇင်ဘာလ ၈ ရက်နေ့၊ ည ၉ နာရီဝန်းကျင် အချိန်ခန့်က သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ထိပ်တန်းအရက် ချက်စက်ရုံရှေ့တွင် ဆိုင်ကယ်စီးနင်းလာသည့် ဦးသားငယ်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“အပစ်ခံရတာက ည ၉ နာရီလောက်မှာ ဖြစ်တယ်။ ထိပ်တန်း အရက်ချက်စက်ရုံရှေ့ လမ်းမှာ အပစ်ခံရတယ်။ စစ်တပ်တွေ ကင်းလှည့်နေတဲ့ အချိန်နဲ့ ဆိုင်ကယ်ကိုတွေ့တော့ ပစ်လိုက်တာ။ ဆိုင်ကယ် မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာတဲ့” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဆိုင်ကယ် ရပ်ခိုင်းသည်ကို မရပ်ပေးသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ပစ်သတ်ခဲ့ ခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ရရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် ဦးသားငယ်သည် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ သည်ဟုလည်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ညပိုင်းတွင် အကြောင်းကိစ္စရပ်အမျိုးမျိုး ကြောင့် သွားလာနေကြသည့် အပြစ်မဲ့ပြည်သူများကို စစ်ဆေးမေးမြန်းခြင်း တစ်စုံတစ်ရာ မပြုပဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်သတ်သည့် ဖြစ်စဥ်များ ဆက်တိုက် ဖြစ်ပွားလျှက်ရှိသည်။

ကျူးလွန်သည့် တပ်ရင်းတပ်ဖွဲ့တပ်သားများသည် ပြစ်မှုများမှ ကင်းလွတ်အောင် သေဆုံးသွားသူများကိုလည်း အကြောင်းအမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးတပ်ပြီး စွပ်စွဲမှုများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

သေဆုံးသူများ၏ မိသားစုဝင်များကလည်း မည်သည့်အဖွဲ့အစည်း၊ မည်သူမည်ဝါကို တိုင်ကြားရမည်မှန်း မသိပဲ တရားမျှတမှုများ ဆုံးရှုံးနေရသည်ဟု မြို့ခံများက ပြောသည်။

ထို့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်မှုများ ရှိနေသည့်အပြင် လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ဆေးသည်ကို လက်မခံပဲ ထွက်ပြေးသည်ဟုဆိုကာ အပြစ် မဲ့ပြည်သူများ ပစ်သတ်ခဲ့သည်များလည်း ရှိခဲ့သည်။