KNU ကွန်ကရက် နှစ်ဆန်းတွင် လုပ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး အကြပ်အတည်းများကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ဂရက် ညီလာခံကို လာမည့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပသွားမည်ဟု KNU က ပြောသည်။


၂၀၂၂ နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် KNU ကွန်ဂရက်ညီလာခံနှင့် ပတ်သက်၍ KNU ၏ ဗဟိုကော်မတီဝင်လည်း ဖြစ်၊ နိုင်ငံခြားရေးဌာန တာဝန်ခံလည်းဖြစ်သည့် ပဒိုစောတောနီးက ယခုကဲ့သို့ ပြောသည်။

ရည်ရွယ်ထားတာက ဟိုး ၂၀၂၁ နှစ်ဆန်းကတည်းက ကိုဗစ်ကာလနဲ့ အာဏာသိမ်းဖြစ်စဉ်တွေ ဖြစ်သွားတာ က တော့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတဲ့ အခါကျတော့ အဲလို အချိန်တွေဖြစ်သွားတာ ဖြစ်တယ်။ အဲဒါ ကြောင့်မို့လို့ အချိန်အတိအကျကတော့ ပြောလို့မရသေးဘူး။ လုပ်မှာကတော့ သေချာပါတယ် ဟု ပဒိုစော တောနီး က ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ကျင်းပခဲ့ကြသည့် KNU ဗဟိုကော်မတီ အစည်းအဝေးတွင် ကွန်ဂရက်ကို  ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

ဒီဗီဘီ သတင်းတပုဒ်တွင် KNU ကွန်ဂရက်ကို ဖေဖော်ဝါရီလထဲတွင် ကျင်းပမည်ဟု ကေအဲန်ယူနှင့် နီးစပ်သူ တစ်ဦးကို ကိုးကား၍ ပြောထားသည်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် KNU ၏ ကွန်ဂရက်သည် ၁၇ ကြိမ်မြောက် ကွန်ဂရက်ဖြစ်သည်။

ပဒိုစောတောနီး က အကြောင်းအရာတွေကတော့ အစုံပါပဲ ဒါကတော့ ကွန်ဂရက် ဆိုတာကတော့ ပြန်လည် ပြီးတော့ သုံးသပ်တဲ့ အပိုင်းတွေ ၄ နှစ်တာကာလမှာ ဘာတွေ လုပ်ကြသလဲ နောက် ရှေ့မှာ ဘာတွေ လုပ်ကြ မလဲနောက်ပြီးတော့ ကွန်ဂရက်က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခါကျတော့ ခေါင်းဆောင်အပြောင်းအလဲ အဲဒါတွေပါပဲ တခြားဟာတော့ မရှိပါဘူး ဟု ပြောသည်။

၁၇ ကြိမ်မြောက် ကျင်းပမည့် KNU ကွန်ဂရက်တွင် ခေါင်းဆောင်များကို ပြန်လည်ရွေးချယ်ရန် အပြင် NCA စာချုပ်အတိုင်း ဆက်လက်ရပ်တည်ရန် သင့်/မသင့် နှင့် လက်ရှိ စစ်ကောင်စီကို တော်လှန်နေသည့် အဖွဲ့အစည်း များနှင့် ပူးပေါင်းမည် မပူးပေါင်းမည် စသည့်အကြောင်းအရာများကို ဆွေးနွေးရန်ရှိသည်ဟုလည်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် အခြား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့  ၉ ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။


ဓါတ်ပုံ-ကရင်အမျိုးသား မီဒီယာ FB