သားဖြစ်သူကို မတွေ့သဖြင့် မိဘပိုင် စားသောက်ဆိုင်ကို ချိပ်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
မကွေးတိုင်း၊ ဆင်ဖြူကျွန်းတွင် သားဖြစ်သူကို မတွေ့သဖြင့် မိဘများပိုင်ဆိုင်သည့် ပါဝါနိုင်း စားသောက်ဆိုင်နှင့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးပြီး ချိပ်ပိတ်သွားသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်တွင် စလင်းမြို့ အခြေစိုက် ခလရ ၂၅၃၊ ခလရ ၂၅၄ က စစ်သား အင်အား၂၀ ခန့်နှင့် ဆင်ဖြူကျွန်းက ရဲများ အပါအဝင် အဆိုပါနေရာ နှစ်နေရာအား လာရောက်ဖျက်ဆီး ချိပ်ပိတ် ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
”ပါဝါနိုင်းစားသောက်ဆိုင်ကိုရိုက်ဖွင့်ပြီးအထဲကအဖိုးတန်ပစ္စည်းတွေအကုန်ရိုက်ခွဲတာအရက်ပုလင်းတွေရော ပြီးတော့ချိတ်ပိတ်သွားတယ်ထင်တိုင်းကျဲတာဗျ” ဟု အသက်၃၀အရွယ် မြို့ခံတဦးကပြောသည်။
မကွေးတက္ကသိုလ်ကျောင်းသားဖြစ်သူ သားကို မတွေ့၍ မိဘများပိုင်ဆိုင်သည့် ပါဝါနိုင်းစားသောက်ဆိုင်နှင့် နေ အိမ်ကို ဖျက်ဆီးကာချိပ်ပိတ်သွားခြင်း ဖြစ်သည်။
အဆိုပါ မကွေးတက္ကသိုလ်က ကျောင်းသားကို ၎င်း၏ မိဘများက အမွေပြတ်စွန့်လွှတ်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
အမွေပြတ်စွန့်လွှတ်ထားသည့် သားကို ယခင်ကလည်း တစ်ခေါက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရှာသည်ဟု သိရသည်။
ထိုသို့ လာရှာဖွေစဉ်ကလည်း ၎င်းကို မတွေ့သဖြင့် မိဘ နှစ်ပါးကို ခေါင်းကွဲသည်အထိ စစ်ကောင်စီတပ်ဖွဲ့ ဝင် များက ရိုက်နှက်ခဲ့သေးသည်ဟု ဆိုသည်။
”PDF ဆိုပြီး စွပ်စွဲပြီး လာလာရှာနေကြတာ။ အဲကလေးက ဒီမှာမရှိတာ ကြာပြီ။ မိဘတွေလည်း ရှောင်တိမ်းနေ ကြရတာ” ဟုအိမ်နီးချင်း တစ်ဦး ကပြောသည်။
ဆင်ဖြူကျွန်းမြို့သည် စလင်းမြို့နယ်အုပ်ချုပ်မှု အောက်တွင်ရှိပြီး NLD အစိုးရ လက်ထက်က မြို့အဆင့် သတ် မှတ်ရန် ပြင်ဆင်နေသည့် မြို့ဖြစ်သည်။
မြို့တွင်း ဘဏ်လုပ်ငန်းကလွဲ၍ အခြားရုံးများ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ရဲစခန်းများကို အဆင့်မြှင့်တင် ထားသည့် မြို့တစ်မြို့ ဖြစ်သည်။