ဒီပဲယင်းတွင် နောက်ထပ် အလောင်း ၂ လောင်းထပ်တွေ့၊ သေဆုံးသူ ၆ ဦး ရှိပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
စစ်ကောင်စီတပ်များ ၃ ရက်ကြာ တပ်စွဲသွားသည့် ဒီပဲယင်းမြို့နယ်ရှိ နဂါးတွင်းကျေးရွာတွင် အလောင်း ၂ လောင်း ထပ်တွေ့သည့်အတွက် ယခုခါ စုစုပေါင်း ၆ ဦး အသတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အိမ်သာထဲတွင် ဦးသန်းထွေး အသက် ၅၀ ကျော်၏ အလောင်းကို တွေ့ရှိရပြီး စိတ်ကျန်းရေးချို့တဲ့သူ ကိုဇော်ဝင်း အသက် ၃၀ နှစ်ခန့် ရှိသူ၏ ရုပ်အလောင်းကို ခြံစည်းရိုး ခြုံကြားထဲတွေ့ရခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။
“အနံ့ထွက်လို့ လိုက်ရှာတော့ နှစ်ယောက်ထပ်တွေ့တာပါ။ ခေါင်းကို အပစ်ခံထားရတာပါ။ ကျည်ဆံခွံလည်း တွေ့တယ်“ နဂါးတွင်းကျေးရွာက ရွာသားတစ်ဦးက ပြောသည်။
ယနေ့တွေ့သည့် အလောင်းထဲတွင် စိတ်ကျန်းမာရေးချို့တဲ့သူလည်း ပါသည်ဟု ရွာသားများ က ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့သည့် အလောင်း ၄ လောင်းထဲတွင် ကိုမိုး ခေါ် ငမိုးသည်လည်း ကိုဇော်ဝင်းကဲ့သို့ စိတ်ကျန်းမာရေး ချို့တဲ့သူဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အန္တရာယ်ကို ရှောင်ရကောင်းမှန်းမသိဘဲ ကျေးရွာထဲတွင် ကျန်နေ၍ ယခုကဲ့သို့ အသတ်ခံရခြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။
ကျန်လေးဦးထဲတွင်လည်း ကျန်းမားရေးမကောင်းသဖြင့် မရှောင်နိုင်သူလည်းပါပြီး နွားစာကျွေးရန် ကျေးရွာ အတွင်း ပြန်ဝင်ကြည့်စဉ် စစ်ကောင်စီပတ်ကင်းနှင့် တွေ့ပြီး အဖမ်းခံရပြီးနောက် နှိပ်စက်ခံရပြီး ပစ်သတ်ခံရသူ များ ဖြစ်ကြသည်။
ဒီဇင်ဘာလ ၇ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် နဂါးတွင်းကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခန့်အကွာတွင် စစ်ကောင်စီတပ်များ အတိုက်ခံရပြီးနောက် ကျေးရွာထဲကို လက်နက်ကြီးဖြင့် ထုပြီး ဝင်လာ၍ ရွာသားအများစု က တိမ်းရှောင်ခဲ့ကြရသည်။
ရွာသားများ တိမ်းရှောင်နေကြစဉ်အချိန်တွင် “ဆိုင်ကယ်နှစ်စီးကို မီးတင်ရှို့တယ်။ တစ်စီးကိုတော့ သေနတ်နဲ့ ရစရာ မရှိအောင် ပစ်သွားတယ်။ ဘယ်လိုပြောရလဲ ရွာရဲ့ တဝက်ကျော်လောက် ပတ်မွေသွားတယ်“ ဟု အသက် ၄၀ အရွယ်ခန့်ရှိသူ ရွာသားတစ်ဦး က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ သုံးရက်အကြာ နဂါးတွင်းကျေးရွာထဲ တွင် စခန်းချသွားပြီး ရွာသား ၆ ဦးကို သတ်ဖြတ်ခဲ့သည် သာမက ပြည်သူပိုင် ဆိုင်ကယ် ၃ စီးကိုလည်း ဖျက်ဆီးသွားသည်။
ထို့အပြင် ကျေးရွာအတွင်းရှိ ကုန်စုံဆိုင်အချို့က မှန်ဘောင်များ၊ တီဗီများကို ရိုက်ခွဲဖျက်ဆီးခဲ့ကြသည့် အပြင် ဆိုင်အတွင်းရှိ ဘီယာ၊ အချိုရေများနှင့် အဝတ်အစားများကိုလည်း ယူဆောင်သွားကြသည်ဟု ရွာသားများက ပြောသည်။
ယခုခါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်ထွက်သွားကြသော် တိမ်းရှောင်နေကြသည့် ရွာသားများထဲမှ အချို့သာ ရွာထဲသို့ ပြန်ရောက်လာပြီး အများစုက ပြန်မလာရဲကြသေးပေ။