ရဲများအား PDF-ဖျာပုံ သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဖျာပုံခရိုင် (PDFP) က “ပြည်သူအား အနိုင်ကျင့်” နေသည်ဟု ဆိုထားသည့် ရဲများအား ရှင်းလင်းသွားမည်ဟု သတိပေးစာ ထုတ်ပြန်လိုက်သည်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို အကြောင်းမဲ့ အပြစ်ရှာဖမ်းဆီးပြီး အနိုင်ကျင့် ငွေညှစ် နေသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖျာပုံခရိုင်၏ သတိပေးစာတွင် ရေးသားထားသည်။

ဖျာပုံမြို့မရဲစခန်းက စခန်းမှူး ဒုတိယ ရဲမှူးဌေးဇော်၊ နယ်ထိန်းခေါင်းဆောင် ဒုတိယ ရဲအုပ်မြတ်စိုးနှင့် အမှုစစ် ရဲများ၊ နယ်ထိန်းများကို သတိပေးခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖျာပုံခရိုင် (PDFP)၏ သတိ ပေးစာတွင် ဖော်ပြပါရှိသည်။

ဖျာပုံမြို့နယ်အတွင်း က အခြေအနေနှင့် ပတ်သက်၍ ရဲတွေက ဒလန်တွေ ပြည်သူစစ်တွေနဲ့ ပေါင်းပြီး အပြစ်မ ရှိ အပြစ်ရှာဖမ်းတယ်။ ပြီးတော့ ငွေတောင်းတော့တာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဒေသခံကိုလည်း Mask မတပ်သဖြင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ဒဏ်ငွေပေးဆောင်ခိုင်းပြီး ပြန်လွတ် လာခဲ့သည်ဟု ၎င်းက ပြောသည်။

ထို့အပြင် NUG, CRPH, PDF တို့ကို ဆက်သွယ် ထောက်ပံ့သည်ဟု စွပ်စွဲ ဖမ်းဆီးခံရသူများရှိနေပြီး ၎င်းတို့ကို လည်း စစ်ကြောရေးပို့ကာ စစ်ဆေးမည်ဟု ခြိမ်းခြောက် ငွေညှစ် တောင်းယူမှုများ ရှိနေသည်ဟု ဒေသခံအချို့က ပြောသည်။

ဖမ်းဆီးခံရသူများကိုလည်း  ခံဝန်ချက်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးသည်များလည်း ရှိသည်ဟု ဒေသခံ အချို့က ပြောသည်။

ခံဝန်ချက်တွင် NGU, CRPH, PDF နှင့် ပတ်သက်မည် မဟုတ်ကြောင်း၊ ကောင်းမွန်စွာ နေထိုင်မည် ဖြစ်ကြောင်း အပြင် ပြန်လည်လွှတ်ပေးရာတွင် ငွေကြေးတစ်စုံတစ်ရာပေးရခြင်း မရှိပါဆိုသည့် အချက်များ ပါဝင်သည်ဟု ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူ အချို့၏ ပြောပြချက်အရ သိရသည်။

မတရားဖမ်းဆီးပြီး ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို ဖျာပုံခရိုင် PDF အဖွဲ့က တော် လှန်ရေးအင်အားစုများ နှင့် ပူးပေါင်းကာ ရှင်းလင်းသွားမည်ဟု ဒီဇင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားသည်။

ဧရာဝတီတိုင်း ပုသိမ်၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ အင်္ဂပူ စသည့် မြို့များတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက အကြောင်း အမျိုးမျိုးပြကာ ပြည်သူများအား ဖမ်းဆီး ငွေညစ် တောင်းယူမှုများ လုပ် ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။