ပရဟိတရုံးကို စီးနင်း၊ လူငယ် ၄ ဦးကို ထိုးကြိတ်ဖမ်းဆီးပြီး လူနာတင်ကားကို သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။
ဧရာဝတီတိုင်း ညောင်တုန်းမြို့ရှိ “ပီတိ” လူငယ် ပရဟိတအသင်း ရုံးခန်းကို စစ်ကောင်စီတပ်ဖွဲ့က အင်အားသုံး ကာ ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ၄ ဦးကို ထိုးကြိတ်ဖမ်းဆီးသွားခဲ့သည်။
အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် ရုတ်တရက် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ညောင်တုန်းမြို့ခံ များ က ပြောသည်။
“သေနတ်တွေနဲ့ ချိန်ထားပြီး ရုံးတံခါးကို ထုရိုက်ဖွင့်ခိုင်းတယ်။ ရုံးမှာရှိနေတဲ့ ပရဟိတ လူငယ်လေးတွေ ထိုး ကြိတ် ဖမ်းခေါ်သွားတယ်” ဟု ယင်းလမ်းအတွင်းနေထိုင်သူ တစ်ဦးက ပြောသည်။
ထို့အပြင် “ပီတိ” ပရဟိတအသင်း၏ လူနာတင်ကားတစ်စီးကိုလည်း စစ်ကောင်စီက သိမ်းဆည်းသွားသည်ဟု ဒေသခံ များထံကသိရသည်။
သိမ်းဆည်းသွားသည့် လူနာတင်ကားမှာ ၂၀၁၅ ခုနှစ် တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမိုး လှူဒါန်း ထားသည့် ကားဖြစ်သည်။
ထိုနေ့ညက အမှတ် (၄) ရပ်ကွက် ၁၁ လမ်းရှိ ဦးဆန်းဝင်း၏ နေအိမ်ကိုလည်း စီးနင်းဝင်ရောက် ရှာဖွေပြီး ဦးဆန်း ဝင်းနှင့် လူငယ်တစ်ဦးကိုလည်း ဖမ်းသွားသည်ဟု ယင်းလမ်းအတွင်း နေထိုင်သူအချို့က ပြောသည်။
“ဖမ်းပြီး ဘယ်ခေါ်သွားလဲ မသိဘူး။ ရဲစခန်းကလည်း သူတို့ မသိဘူးပြောတယ်။ ဘာမှ အဆက်အသွယ်မရ ဆို တော့ စိုးရိမ်နေကြတယ်” ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်တစ်ဦး ကပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပြီး ဧရာဝတီတိုင်း၊ ညောင်းတုန်းမြို့နယ်အတွင်း စည်ပင်သာယာရုံးအပါအဝင် နေရာ ၅ နေရာထက်မနည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အဆိုပါ ဗုံးပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ သံသယဖြင့် ဖမ်းဆီးခံရသူ မြို့ခံ ၃၀ နီးပါးရှိခဲ့သည်။