ဒီပဲယင်းတွင် နောက်ထပ် ရွာသား ၃ ဦးကို စစ်ကောင်စီက ဦးခေါင်းကို ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်း အနောက်ခြမ်းရှိ မှန်သာကျေးရွာသား ၃ဦးကို စစ်ကောင်စီတပ် က ဦးခေါင်းများအား သေနတ်ဖြင့် ပစ်သတ်သွားသည်ဟု ရွာသားများက ပြောသည်။

ခန့်မှန်းခြေ အသက် ၃၀ ခန့်စီရှိသည့် မှန်သာရွာသား ကိုညိုတုံး၊ ကိုထိန်လင်း၊ ကိုဇော်အောင်တို့ သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်သွားခြင်း ဖြစ်သည်။

အဲ့ဒီညနေ သူတို့ထွက်သွားတော့မှ ဝင်ကြည့်ကြတာ သုံးယောက်စလုံး ခေါင်းတွေကိုပဲ ပစ်သွားတာ ဟု မှန်သာရွာသား ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာထဲရောက်လာသည်ကို သတိမထားမိပဲ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ့ပိုင်းတွင် အဖမ်းခံထိပြီးနောက် ယခုကဲ့သို့ အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု အသက် ၂၇ နှစ် အရွယ် ရွာသား တစ်ဦး က ပြောသည်။

မှန်သာရွာသား ၃ ဦးကို ပစ်သတ်သွားသည့် စစ်ကြောင်းသည် နဂါးတွင်းကျေးရွာတွင် စခန်းချသွားသည့် ခလရ ၃၆၈ တပ်ရင်းက ဖြစ်ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် သပြေသာကျေးရွာမှ မှန်သာကျေးရွာကို ဝင်လာကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရေဦးမြို့နယ် လျှော်ဖြူသို့ ရောက်ရှိနေပြီဟု သိရသည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဒီပဲယင်းအနောက်ဘက်ခြမ်းသို့ ရောက်လာပြီး ရက်သတ္တ ပတ်အတွင်း နဂါးတွင်းကျေးရွာမှ ရွာသား ၆ ဦး၊ ဘုတ်ကျေးရွာက ရွာသား ၁ ဦး နှင့် ယခု မှန်သာကျေး ရွာက ဒေသခံရွာသား ၃ ဦး စုစုပေါင်း ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြသည်။

ဓါတ်ပုံ – နဂါးတွင်းကျေးရွာသား တစ်ဦးအား စစ်တပ်က သတ်သွားသည့်ပုံ (ပုံဟောင်း)