သာပေါင်းတွင် စစ်တပ် သတင်းပေး လမ်းပြ ဆိုသူ ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် စစ်တပ်လမ်းပြ ဆိုသူ တစ်ဦး ပစ်သတ်ခံရသည်ဟု မြို့ခံများက ပြောသည်။
အသက် ၄၈ နှစ်အရွယ်ခန့်ရှိသည့် ဦးမောင်ဦး ကို သာပေါင်းမြို့နယ် ကင်မွန်းခြုံ ကျေးရွာရှိ နေအိမ် တစ်အိမ် တွင် ရှိနေစဉ် အမည်မသိ သေနတ်သမားများက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။
“သူ (ဦးမောင်ဦး)က ရွာကို ရောက်နေတာ သိပ်မကြာသေးဘူး။ သူက စစ်တပ်နဲ့ အဆက်အသွယ်ရှိတယ်။ သေ နတ်နဲ့ ခေါင်းကို အပစ်ခံရပြီး သေသွားတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။
ဦးမောင်ဦးသည် သာပေါင်းမြို့နယ် ကင်းမွန်းခြုံကျေးရွာသို့ မရောက်မှီက ချောင်းသာကမ်းခြေမြို့ နှင့် တစ်ဆက် တည်းရှိသည့် ရွှေသောင်ယံ ကမ်းခြေမြို့ဒေသတွင်းက သစ်ပုတ်တံခါးကျေးရွာတွင် နေထိုင်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။
ပစ်သတ်ခံရသူ ဦးမောင်ဦး၏ သတင်းပေး လမ်းပြမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့က သစ်ပုတ်တံခါးကျေးရွာတွင် PDF စခန်းရှိသည်ဟု ဆိုကာ နိုဝင်ဘာလ ၂၆ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၃လုံး မီးရှို့ခံခဲ့ရသည်ဟု ရွှေသောင်ယံမြို့ ဒေသခံ အချို့က ပြောသည်။
“စစ်တပ်က ရွာကို ဝင်စီးတုန်း PDF တွေကိုမမိဘူး။ ရွာကရိက္ခာတွေ သိမ်းသွားတယ်။ PDF မဟုတ်တဲ့ ဒေသခံ ၁၀ ယောက်ကျော် အဖမ်းခံရတယ်” ဟု ရွှေသောင်ယံမြို့ ဒေသခံ တစ်ဦး က ပြောသည်။
ဦးမောင်ဦးသည် စစ်တပ်အား သတင်းပေးသည့်အပြင် ကိုယ်တိုင်လမ်းပြပြီး ဒေသခံများအား လက်ညိုးထိုး ဖမ်းခိုင်းသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု ဆိုသည်။
ထို့နောက် အဖမ်းခံရသည့် သူများ၏ ကျန်ရှိခဲ့သည့် ပစ္စည်းများကိုလည်း စစ်တပ်နှင့် ပေါင်း၍ ဦးမောင်ဦး က သိမ်းယူခဲ့သည်ဟု ရွှေသောင်ယံ ကမ်းခြေမြို့ခံ အချို့က ပြောသည်။
Pathein Western Defense Force (P.W. D.F)နှင့် Beach Defense Force (BDF) က ၎င်းတို့ပူးပေါင်း၍ ပြည်သူများ နှင့် တော်လှန်ရေးကို နှောက်ရှက်နေသည့် စစ်ကောင်စီ သတင်းပေးလမ်းပြ မောင်ဦး ကို သုတ်သင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဒေသအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက စစ်ကောင်စီခန့် ဟော်တယ်ဝန်ကြီး နှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ယာဉ်တန်းအား ချောင်းသာ-ပုသိမ် ကားလမ်း တွင် နိုဝင်ဘာလ ၁၅ ရက်နေ့က အလစ်အငိုက် ဖမ်း တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များက တောတွင်း၌ PDF များရှိနေသည်ဟု ယူဆပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ စစ်ကြောင်းထိုး ရှာဖွေနေကြသည်။ သို့သော် PDF များကို မတွေ့ရှိပဲ သာမန် ဒေသခံ ရွာသား အများအပြားကို ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။