ဝါးခယ်မရှိ အိမ်နှစ်လုံး ချိပ်ပိတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ဘိုးဘေးအညာစုအုပ်စု၊ ရှမ်းစုကျေးရွာရှိ နေအိမ် နှစ်လုံးကို စစ်ကောင်စီက လာရောက်၍ ချိပ်ပိတ်သွားသည်။
ဧရာဝတီတိုင်းအတွင်းက နေအိမ်အချို့အား စစ်ကောင်စီက အိမ်ပိုင်ရှင်များသည် အမျိုးသား ညီညွတ်ရေး အစိုးရ NUG၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF တို့နှင့် ပတ်သက်ဆက်နွယ်မှုနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အမာခံများ ဖြစ်သည်ဟု စွပ်စွဲပြီး ချိပ်ပိတ်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“အိမ်မှာက အိမ်သားတွေမရှိဘူး။ အိမ်တံခါးကိုဖျက်ပြီး မွေနှောက်ဝင်ရှာကြတာ။ ဦးလှဝင်း နဲ့ ဦးမိုးဇော် ကို ဖမ်းမလို့ပြောတယ်။ ဘာကြောင့် ဖမ်းမှာလဲ ဆိုတာတော့ အတိအကျ မပြောဘူး” ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က ပြောသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင် အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်က ကား ၂ စီး၊ ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး ရှမ်းစုကျေးရွာရှိ ဦးလှဝင်းနှင့် ဦးမိုးဇော်တို့၏ နေအိမ် နှစ်လုံးကို ချိပ်ပိတ် သွားခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။
အိမ်အတွင်းရှိ လက်ဝတ်ရတနာအချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားသည်ဟု ဆိုသည်။
ယင်းအိမ်နှစ်လုံး အနက် ဦးလှဝင်းနေအိမ်မှ လော့ကဒ်သီးပါသည် ဆွဲကြိုးတစ်ကုံး၊ လက်စွပ် ၂ကွင်းအား အုပ်ချုပ် ရေးမှူးထံကို အပ်ထားခဲ့မည်ဟု ပြောဆိုကာ စစ်ဗိုလ်ဖြစ်သူက ယူဆောင်သွားသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှာ သိရသည်။
ယခုချိပ်ပိတ်ခံရသည့် နေအိမ်နှစ်လုံးစလုံးတွင် ဥပဒေ နှင့် မလွတ်ကင်းသည့် ပစ္စည်းများ တစ်စုံတစ်ရာ ရှာဖွေ သိမ်းဆည်းရမိခြင်း မရှိဘူးဟုလည်း သိရသည်။
ဦးလှဝင်း နှင့် ဦးမိုးဇော် မိသားစုသည် ရွာထဲသို့ စစ်ကောင်စီတပ်များ မရောက်လာမှီ တစ်ရက်က ကျေးရွာထဲတွင် ရှိနေခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာသည့်နေ့တွင် တိမ်းရှောင်သွားပြီဟု ဆိုသည်။
၎င်းတို့နည်းတူ ကျေးရွာအတွင်းက အခြားရွာသူရွာသား အများစုကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာ ထဲသို့ ရောက်လာသည့်အတွက် ယင်းရွာမှ ရှောင်တိမ်းနေကြသည်။
“ရွာထိပ်မှာ စစ်သားတွေ ရောက်နေတယ်။ ဆန္ဒပြတဲ့ သူတွေကို ဖမ်းမယ်ဆိုလို့ ရှောင်ကြပုန်းကြတာပါ။ စစ်သား တွေက ဖမ်းပြီး ရိုက်တယ် သတ်တယ် ကြားသိနေရလို့ပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက NUG၊ CRPH၊ PDF တို့နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရသူ အများအပြား ရှိနေပြီဖြစ်သည်။
ပုသိမ်၊ ကျုံပျော်၊ ရေကြည်၊ အသုတ်၊ မအူပင်၊ ဖျာပုံ၊ မြောင်းမြ မြို့များတွင် ထိုသို့ စွပ်စွဲခံရသူများ၏ နေအိမ်များ၊ ပရဟိတရုံး၊ ပညာဒါန စာသင်ကျောင်း၊ လက်ဖက်ရည်ဆိုင် တို့ ချိပ်ပိတ်ခံထားပြီး ကားများ နှင့် ပရိဘောဂ ပစ္စည်း များလည်း သိမ်းဆည်းခံရသည်ဟု ဒေသခံများက ပြောသည်။