ဒေသခံရွာသားများ Mytel တာဝါတိုင်များကို အလှည့်ကျ ကင်းစောင့်ပေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ Mytel ဖုန်းတာဝါတိုင်များ ကို ဒေသခံများက တစ်ညလျှင် ၅ ဦးကျ ကင်းစောင့် ပေးနေရသည်ဟု ဒေသခံများက ပြောသည်။
ဒီဇင်ဘာ လ ဒုတိယအပတ် ၁၃ ရက်နေ့ မှ စတင်၍ ကျေးလက်ဒေသရှိ မိုင်တဲဖုန်းတာဝါတိုင်များကို တစ်ညလျှင် ရွာသား ၅ ဦးဖြင့် အလှည့်ကျ ကင်းစောင့်နေရပြီး ပျက်ကွက်ပါက ဒဏ်ငွေပေးဆောင်ရမည်ဟု သိရသည်။
“ရွာက တာဝါတိုင် ဗုံးခွဲခံရတာ အကြောင်းပြပြီး စစ်တပ်က ဖိအားပေးလို့ တာဝါတိုင်နဲ့ နီးတဲ့ရွာတွေ က အုပ် ကြီးတွေက ရွာသား တွေကို ခိုင်းတာ” ဟု ငှက်တော်ရွာခံ တစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ညတွင် မော်လမြိုင်ကျွန်းမြို့နယ်ရှိ ငှက်တော်ကျေးရွာ အနီးက Mytel ဖုန်းတာဝါတိုင် မိုင်းခွဲ ဖျက်စီးခံရပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ရွာသားများကို အစည်းအဝေး ခေါ်၍ ပြောဆို ခိုင်းစေခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
မိုင်တဲဖုန်းတာဝါတိုင်ကို ကင်းစောင့်ရန် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ပါက ဒဏ်ငွေ နှစ်သောင်း ပေး ဆောင်ရမည် ဖြစ်ပြီး ပျက်ကွက်ရန်အကြောင်းရှိလာသူများအနေဖြင့် လူငှားစောင့်ခိုင်းရမည်ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြောဆိုထားသည်ဟု သိရသည်။
ကျေးလက် ဒေသရှိ မိုင်တဲဖုန်းတာဝါတိုင်များကို ဒေသခံများက ကင်းစောင့်ပေးနေရသည်ဟု ကြားသိရ သော် လည်း မော်လမြိုင်ကျွန်း မြို့ပေါ်တွင်မူ ကင်းစောင့်ပေးရသည့် ဖြစ်စဉ်များ မရှိသေးဘူးဟု မြို့ခံ ဦးကျော်ကြီး က ပြောသည်။
ဧရာဝတီတိုင်း မိုင်းတဲဖုန်းဆက်သွယ်ရုံး မှ တာဝန်ရှိသူ တစ်ဦးက “မော်လမြိုင်ကျွန်းက ရွာတွေမှာရှိတဲ့ တာဝါ တိုင်တွေ ဗုံးခွဲ မီးရှို့ဖျက်ဆီးခံရတာ ၇ ကြိမ်ရှိနေပြီ” ဟု ပြောသည်။
မော်လမြိုင်ကျွန်း မြို့နယ်အတွင်း အခြားသော ဖုန်းတာဝါတိုင်များတွင် ပူးတွဲ ချိတ်ထားသော မိုင်တဲဖုန်းဆက် သွယ်ရေး စက်များမပါ မိုင်တဲဖုန်း သီးသန့် တာဝါတိုင် ၂၃ တိုင်ရှိသည်ဟု ဧရာဝတီတိုင်း ဖုန်းဆက်သွယ်ရုံးထံ မှ သိရသည်။