ချောင်းသာ သစ်တော ကြိုးဝိုင်းအတွင်း နေထိုင် လုပ်ကိုင်သူများကို နှင်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာ သစ်တော ကြိုးဝိုင်းအတွင်း နေထိုင်သူများနှင့် ယင်းတောတောင်များ အတွင်း အလုပ်လုပ် ကိုင်နေသူများ ကို စစ်ကောင်စီ၏ တပ်များက နှင်ထုတ်နေသည်ဟု ဒေသခံများက ပြောသည်။

ချောင်းသာ သစ်တောကြိုးဝိုင်းအတွင်း ဝါးခုတ်၊ သစ်ခုတ်၊ မီးသွေးဖုတ်၊ အမဲလိုက်၊ ငါးရှာ ဖားရှာ၊ သစ်ဥ သစ်ဖု ရှာဖွေသည့် လုပ်ငန်းများကို လုပ်ကိုင်သူနေသူများအား ၎င်းတို့၏ ယာယီနေအိမ်တဲများကို ဖျက်သိမ်း ခိုင်းကာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်၍ နှင်ထုတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ချောင်းသာ သစ်တော ကြိုးဝိုင်းအတွင်း အုန်းချောင်းဝက်သေကျေးရွာသား ဒေသခံ တစ်ဦးက မှိုရှာ မျစ်ချိုးဖို့ တောထဲဝင်ရင်တောင် ထမင်းထုပ်တို့ မုန့်တို့ စားစရာတွေ ယူမသွား ရဘူး သတ်မှတ် အချိန် အတွင်း တော တောင်ထဲက ပြန်ထွက်ရတယ် မလိုက်နာရင် ပစ်သတ်မယ် ပြောတယ်” ဟု ပြောသည်။

ယင်း သစ်တောကြိုးဝိုင်းအတွင်း နေထိုင်သူများက စစ်ကောင်စီ၏ တပ်များကို တိုက်ခိုက်နေသည့် PDF ပြောက် ကျားများအား ဆက်သွယ် ထောက်ပံ့ ကူညီနေသည်ဟု စွပ်စွဲပြီး နှင်ထုတ်နေခြင်း ဖြစ်သည်ဟု ဒေသခံ အချို့က ပြောသည်။

အမဲလိုက်၊ မီးသွေးဖုတ်၊ သစ်ခုတ်ဝါးခုတ်သူများက တောတောင် အတွင်း ယာယီတဲများ ဆောက်လုပ်ပြီး နေထိုင် ကာ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ရာ ယခုလက်ရှိအချိန်တွင် စစ်ကောင်စီ ဆန်၊ ဆီ၊ ဆားနှင့် အခြားစားနပ် ရိက္ခာများကို သယ်ယူခွင့်မပြုသည့်အပြင် တဲအိမ်များပါ ဖျက်ရမည် ဆိုသဖြင့် မိသားစုဝင်များ၏ စားဝတ်နေရေး အတွက် အခက်ကြုံရပြီဟု ဒေသခံများက ပြောသည်။

ချောင်းသာ သစ်တော ကြိုးဝိုင်းအတွင်းရှိ ဥတိုဝ၊ အုန်းချောင်း၊ ဝက်သေ၊ ပိုးလောင်း၊ ဆူးပုတ်ခြုံ၊ နွယ်ညိုချောင်း၊ တောခွေး စသည့် ကျေးရွာများ အနီး တောတောင် အတွင်းရှိ တဲအိမ်ပေါင်း ၄၀ ကျော်က သစ်တောကြိုးဝိုင်း အတွင်း မှ ထွက်ပေးရခြင်းဖြစ်သည်ဟု ဒေသအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

တောထဲမှာ စစ်တပ်က ကင်းပုန်းတွေ ချထားတယ် အရပ်ဝတ်တွေနဲ့ စောင့်ကြည့်ကြတယ် မုဆိုးလိုလို သစ် ခုတ် ဝါးခုတ်လိုလို လုပ်ပြီး PDF စခန်းကို ရှာနေတယ်” ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ရှောပြာ၊ ကလောခုံ၊ တောင်သာယာကုန်း၊ ဥတိုဝ၊ ချောင်းသာ၊ နွယ်ညိုချောင်း၊ တပင်မော် ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေပြီး ချောင်းသာ သစ်တောကြိုးဝိုင်းကို ပိတ်ဆို့ကာ လုံခြုံရေးများလည်း  တင်း ကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ပုသိမ်-ချောင်းသာ ကားလမ်း၊ တောင်သာယာကုန်းတွင် ဒေသခံ PDF ပြောက်ကျားအဖွဲ့များက စစ်ကောင်စီခန့် ဟိုတယ်/ခရီး ဝန်ကြီး နှင့် ဧရာဝတီတိုင်းဝန် ကြီးချုပ်၏ယာဉ်တန်းကို အလစ်အငိုက်ဖမ်း မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ဓါတ်ပုံ – ချောင်းသာ-ပုသိမ် ကားလမ်း တစ်နေရာတွင် ဒီဇင်ဘာလဆန်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့အားတွေ့ရပုံ