လယ်ကွင်းထဲ ဖြတ်လာသော စစ်ကောင်စီ တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ အနီးတွင် လယ်ကွင်းကို ဖြတ်တက်သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရသဖြင့် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု ထီးချိုင့် PDF က ပြောသည်။

ထီးချိုင့်မြို့အနီးက ကတ္တရာလမ်းမကြီးများပေါ်တွင် မကြာခဏ မိုင်းဆွဲခံနေရသည့် စစ်ကောင်စီတပ်များသည် မိုင်းရှောင်မိုင်းကွင်းသည့် အနေဖြင့် လယ်ကွင်းထဲက ပတ်တက်စဉ် ထပ်မံ မိုင်းဆွဲခံရသဖြင့် ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု ထီးချိုင့် PDF မှ တာဝန်ရှိကပြောသည်။

သူတို့ မိုင်းကွင်းအောင် ကတ္တရာလမ်းရှောင်ပြီး လယ်ကွက်တွေထဲ ဖြတ်လျှောက်တာ အဲ့ဒီမှာ သတင်းရတော့ ငါတို့က သွားကြိုစောင့်ပြီးဆွဲတာပ ဟု ထီးချိုင့် PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ (ယမန်နေ့) မွန်းလွှဲ ၁ နာရီအချိန်ခန့်တွင် ထီးချိုင့်ဘက်မှ ထွက်လာသည့် စစ်ကြောင်းကို ထီးချိုင့် PDF အဖွဲ့က ရွာသစ်ကုန်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ စစ်ကြောင်းသည် တည်တော၊ သခွပ်ချောင်း၊ ပေါက်ကုန်း စသည့် ကျေးရွာများကို ဖြတ်၍ အလယ် တောကျေးရွာအထိ ၈ မိုင်ခန့် ကို ခြေလျှင်တက်လာခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ရွာသစ်ကုန်းကျေးရွာထဲတွင် စခန်းချနေပြီး ညနေပိုင်းတွင် ကျေးရွာ အစွန်းရှိ အိမ်တစ်လုံးကိုလည်း မီးတင်ရှို့နေသည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်ကလည်း ပျဉ်းစုကျေးရွာနှင့် ဆားတွင်းကျေးရွာအနီးရှိ စစ် ကောင်စီတပ်များ ထီးချိုင့် PDF အဖွဲ့က စနိုက်ပါဖြင့် သွားချောင်းပစ်ခဲ့ရာ  ၄ ဦး ခန့် ထိမှန်ခဲ့သည်ဟု PDF အဖွဲ့ တာ ဝန်ရှိသူက ပြောသည်။

ဓါတ်ပုံ-ပုံဟောင်း (ထီးချိုင့်မြို့အနီး လယ်ကွင်းများပုံ)