အုပ်ကြီးများက လောင်းကစားဝိုင်းများဖွင့်ကာ စစ်ကောင်စီအတွက် ငွေရှာပေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူး အချို့က လောင်းကစားဝိုင်းများ လုပ်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရံပုံငွေရှာပေးနေရသည်ဟု ဒေသခံများ က ပြောသည်။
စစ်ကောင်စီ၏ အထိုင်တပ်များနှင့် နယ်မြေရဲစခန်းများက တပ်ဖွဲ့ဝင်များအတွက် ရံပုံငွေ ရှာပေးရန် ပြောဆိုလာ သဖြင့် ဒေသခံများထံ ငွေကြေး မကောက်ခံလို၍ “ဒေသဖွံ့ဖြိုးရေး ရံပုံငွေ” ခေါင်းစဥ်ဖြင့် လောင်းကစားပွဲများ လုပ်ပြီး ငွေစုနေရခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့ နှင့် နီးစပ်သူ အချို့က ပြောသည်။
“အထိုင်တပ်နဲ့ နယ်မြေရဲစခန်းကို တစ်ပါတ် ၅ သိန်း ပေးရတယ်။ နယ်ထိန်း၊ စရဖ၊ အက်စ်ဘီ၊ ဒန စတာတွေကို လည်းပေးရတယ်” ဟု အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦး က ပြောသည်။ (မှတ်ချက်။ စရဖ= စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့၊ အက်စ်ဘီ= ရဲအထူးသတင်းတပ်ဖွဲ့၊ ဒန = ဒုစရိုက်နှိမ်နင်းရေး တပ်ဖွဲ့)
ညောင်တုန်းမြို့နယ်ရှိ ဆားမလောက်၊ ကုလားကုန်း၊ တာဝ၊ ငှက်ပျောကျွန်း၊ သဇင်ရေကျော်၊ မဲဇလီ၊ ပန်တိုင် စ သည့် ကျေးရွာများတွင် နေ့စဥ်နှင့်အမျှ လောင်းကစားဝိုင်းများ ရှိနေပြီး ရန်ကုန် အေးရွာနှင့် လှိုင်သာယာမှ လူမိုက် လောင်းကစားသမားလည်း လာရောက်ကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယခင်က ယင်းကျေးရွာများတွင် စနေနေ့ နှင့် တနင်္ဂနွေနေ့တို့တွင်သာ အာဝါဒေး (Our Day)ပွဲ ဟုဆိုကာ ကြက် တိုက်၊ နွားတိုက်၊ လှေပွဲ၊ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင် စသည့် လောင်းကစားပွဲများကို လုပ်ကြသည်ဟု ဒေသခံ အချို့က ပြောသည်။
“ခုတော့ ကုလားကုန်းနဲ့ ဆားမလောက်က ရာအိမ်မှူးတွေ ဆိုရင် သူတို့ကိုယ်တိုင် နေ့တိုင်း ဖဲဝိုင်းနဲ့ ကြက်ဝိုင်းကို ဒိုင်ဖွင့်လုပ်နေကြတာ။ ရှုံးတဲ့ရွာသားတွေများတယ်။ လယ်ရောင်းရ ခြံရောင်းရ နွားရောင်းရ ဖြစ်ကုန်ကြတယ်” ဟု ဒေသခံရွာသားတစ်ဦး က ပြောသည်။
ယင်းလောင်း ကစားဝိုင်းများ ပေါ်လာပြီးနောက် ဒေသခံ တောင်သူများ၏ လှေ၊ စက်လှေ၊ ရေတင်စက်၊ နွား၊ ဆိုင် ကယ် စသည်တို့ မကြာခဏ အခိုးခံနေရပြီး မဲဇလီ ရဲစခန်း၊ ဆားမလောက် ရဲစခန်းတို့တွင် တိုင်ကြားရာလည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဘူးဟု ဒေသအချို့ကပြောသည်။
ဇူလိုင်လနှင့် သြဂုတ်လအတွင်းက အောက်စီဂျင်စက်ရုံ တည်ဆောက်ရန်ဟု ဆိုကာ ဧရာဝတီတိုင်း အတွင်းရှိ သာ ပေါင်း၊ ကန်ကြီးထောင့်၊ မအူပင်၊ မြောင်းမြမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး များက လောင်းကစားဝိုင်းများ ဖွင့်ကာ ရံပုံငွေ စုဆောင်းခဲ့သည်များ ရှိသည်ဟု သိရသည်။