သွေးစွန်းတဲ့ ခရစ္စမတ်

အားမီ။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

ဆောင်းနှင်းမြူတွေကြားထဲ သီချင်းလေးသီဆိုရင်းနဲ့…..

ချစ်တဲ့ညီအစ်ကို အပေါင်းသင်းများဆီဝယ်….

မေတ္တာတွေအပြည့်နဲ့ ချစ်ကြင်နာကြမယ်….

ခရစ္စမတ်ရက်မြတ်ဒီအချိန်လေးထဲဝယ်….”

ခရစ္စမတ်ရောက်တိုင်း ဒီလို ခရစ္စမတ် သီချင်းသံက ခရစ်ယာန် ဘာသာဝင်တွေ နေထိုင်တဲ့ နေရာတွေ အထူးသဖြင့် ကချင်၊ ကရင်၊ ချင်း၊ ကရင်နီ ဒေသတွေမှာ လွင့်ပျံမြဲ ဖြစ်ပါတယ်။

နှစ်စဉ် ခရစ္စမတ်ရာသီ ဒီဇင်ဘာလကိုရောက်တာနဲ့ Sweet December လို့အော်ပြီး ခရစ္စမတ် Coral သီချင်းတွေနဲ့ ခရစ်တော်မွေးဖွားရာလ ရာသီကို ကြိုဆိုကြပါတယ်။ ဒီဇင်ဘာလ တစ်လလုံးမှာ ပျော်ရွှင်စွာ ဖြတ် သန်းခဲ့ကြပါတယ်။

ခရစ္စမတ်ကို ကြိုဖို့နဲ့၊ နှစ်သစ်ကိုကြိုဖို့ အဝေးရောက်တဲ့ မိသားစုဝင်တွေကလည်း ကိုယ့်ရဲ့ မွေးရပ်မြေ၊ မိဘ အဖိုး အဘွားတွေဆီကို ပြန်ကြတဲ့ ရာသီလေးပါ။

ဒါပေမယ့် ဒီတစ်နှစ်မှာတော့ နေရာအတော်များများမှာ ဒီလို သီချင်းသံ၊ ချီးမွမ်းသံမျိုးတွေ တိတ်ဆိတ်သွားခဲ့ပါပြီ။ သီချင်းသံ၊ ချီးမွမ်းသံတွေအစား သေနတ်ပစ်ခတ်သံတွေ၊ လက်နက်ကြီးပစ်ခတ်သံတွေ၊ ကောင်းကင်ယံမှ လေယာဉ်နဲ့ ဗုံးကြဲချတဲ့အသံတွေသာ ဟိန်းညံမြည်ဟီးနေခဲ့ပါတယ်။ တခြားကမ္ဘာ၊ တခြား ဂြိုလ် က နတ်မိစ္ဆာတွေ တိုက်ခိုက်လာခဲ့တာတော့ မဟုတ်ပါဘူး။ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အစေအပါးတွေ ဖြစ်တဲ့ စစ်ကောင်စီတပ်က တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးသင်္ကေတအဖြစ် တည်ထားတဲ့ လေးကေ့ကော်မြို့သစ်သို့ စစ်ကောင်စီတပ်များ ယူဆောင်လာတဲ့ စစ် ရိပ်၊ စစ်ငွေ့၊ စစ်နမိတ်ဆိုးတွေရဲ့ နောက်ဆက်တွဲပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့နဲ့ ၂၆၊ ၂၇ ရက်တွေ မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNU/KNLA) အကြား ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် လေးကေ့ကော်မြို့သစ်နဲ့ သောင်ရင်းမြစ်ကြောင်းတလျှောက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဇင် ဘာလ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေက ၂ ပတ်နီးပါး ရှိလာနေပါပြီ။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်မြို့အနီး စစ်တပ်က ပစ်သည့် လက်နက်ကြီးကျည်ခွံများကို ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − KIC

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ ကရင်အမျိုးသမီး အစည်းအရုံး(KWO) ဗဟိုကော်မတီဝင် နော်ဆဲဆဲက အခုလိုပြောပါတယ်။

ဗုံးတွေ တကြဲကြဲနဲ့ပဲ၊ လေယာဉ်နဲ့ဗုံးတွေကြဲနေတယ် မော်တာတွေနဲ့ ပစ်ချနေတယ်ပေါ့၊ ပြေးလွှားနေရတယ်ပေါ့ နော်။ ဆိုတော့ ကျမတို့ ဒီနှစ်ရဲ့ ခရစ္စမတ်မှာ ဒီလိုမျိုး တိုက်ပွဲတွေကြားထဲမှာ ကိုယ့်ရဲ့လုံခြုံရေးကို ပိုပြီးတော့ ဖြတ် ကျော် ဖြတ်သန်းလှုပ်ရှားလာရတဲ့ ဘဝမျိုးနဲ့ ဖြတ်သန်းနေရတယ်ပေါ့နော်။

ဒီဇင်ဘာရဲ့ ဆောင်းနှင်းတွေအကြား သီချင်းတွေညည်းရင်း အပေါင်းအသင်းတွေနဲ့ မြူးပျော်နေရမယ့်အစား သေနတ်သံ၊ ဗုံးသံတွေအကြား ဘေးလွတ်ရာကို ပြေးလွှားနေကြရတဲ့ စစ်ဘေးရှောင်အရေအတွက် နေ့ချင်းညချင်းဆိုသ လို သောင်းဂဏန်းကျော်အထိ ရှိလာခဲ့ပါတယ်။ တချို့က ကိုယ့်နိုင်ငံ မြန်မာဘက်အခြမ်း၊ တချို့က သူများနိုင်ငံ ထိုင်းဘက်အခြမ်း။

ကရင်နီပြည်နယ် ဒီမော့ဆိုအရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေလည်း ခရစ္စမတ်နေ့မှာ သေနတ်သံ၊ ဗုံးသံတွေ နဲ့ပဲ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုလာသူကတော့ အသက် ၂၀ ကျော် အရွယ် ကရင်နီလူငယ်လေးတစ်ယောက်ပါ။

အဲ့လိုမျိုးအသံတွေကြားနေရတော့ အခုခရစ္စကာလနဲ့ ပြောင်းပြန်ဖြစ်နေတာပေါ့။ စိတ်ထဲမှာ မပျော်ရွှင်ဘူး။ မနှစ် ကဆို နှုတ်ဆက်ရတယ် မိဘတွေနဲ့။ ဒီနှစ်ဆို Happy Christmas ဆိုပြီး နှုတ်ဆက်ဖို့ ဝန်လေးသွားတယ်။

စိတ်မှာ မပျော်ရွှင်ပေမယ့်လည်း အနာဂတ်မျိုးဆက်လေးတွေဖြစ်တဲ့ စစ်ရှောင်စခန်းက ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲလေးတစ်ခု ဖြစ်အောင်လုပ်ပေးခဲ့တဲ့အကြောင်း သူက အခုလိုပြောပါတယ်။

ပျော်လား မပျော်လားတော့ မသိဘူး ပျော်အောင်တော့ လုပ်ပေးလိုက်တာပဲ။ ဒါပေမယ့် သေနတ်သံကြားနေရ တော့ စိတ်ထဲမှာ တမျိုးကြီးဟာ လာဟင်းလင်းကြီးဖြစ်နေတယ်။

ကရင်နီလူငယ်‌လေး ပြောသလို ကလေးငယ်တွေ မပျော်နိုင်ခဲ့ဘူးဆိုရင်လည်း အပြစ်တော့ မဆိုသာပါဘူး။ ခရစ္စမတ်နေ့မတိုင်ခင် ဒီဇင်ဘာ ၂၄ ရက်က ဖရူဆိုမြို့နယ် မိုဆိုရွာအနီး စစ်ဘေးရှောင်နဲ့ ခရီးသွားပြည်သူ ၃၅ ယောက် ကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ပြခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ခိုင်းဖက် တပ်သားတွေရဲ့ လုပ်ရပ်ဟာ မြန်မာတနိုင်ငံလုံးတင်မက ကမ္ဘာ့ပြည်သူတိုင်းအတွက်ပင် စိတ်နှလုံးဆို့နင့်ဖွယ်ဖြစ်ခဲ့ပါတယ်။ နောက်နေ့ ခရစ္စမတ် ရက်မြတ်အတွက် ဘယ်လိုပျော်ရွှင်နိုင်ပါ့မလဲ။

အခုဆိုရင် အဲဒီအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ မိုဆိုရွာအနားမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်နယ်အတွင်းရှိ ခုခံတော်လှန်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ရမ်းသန်းပစ်ခတ်နေမှုများကြောင့် အစုလိုအပြုံလိုက် မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို ကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မူလက ၃၅ ဦးသာ မီးရှို့ထားတယ်လို့ သတင်းတွေတွေ့ရပေမယ့် လက်ရှိမှာ ၄၀ နီးပါးအထိ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ အဲဒီမီးရှို့သတ်ဖြတ်ခံထားရတဲ့ ဖြစ်စဉ်အတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ Save The Children အဖွဲ့ရဲ့ ဝန်ထမ်းနှစ်ဦး ပါဝင်နေတယ်လို့ သိရပါတယ်။

အရှင်လတ်လတ် ကားပေါ်တင်ပြီး ကားရောလူရော မီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လူသားမဆန်တဲ့ လုပ်ရပ်ကို နော်ဆဲဆဲက အခုလို့ ပြောပါတယ်။

ကျမတို့ ဘယ်အချိန်မှာ သေရမလဲ ဘယ်အချိန်မှာ စစ်ကောင်စီက ပြဿနာလာရှာပြီးတော့ သတ်မလဲဆိုတဲ့ စိုးရိမ်ရတယ်ပေါ့နော်။ ကြောက်ရွံ့နေရတယ်ပေါ့နော်။ အထူးသဖြင့် ကရင်နီမှာဆိုရင်လည်း စိုးစိုးရွားရွား ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ အနေအထားမှာ တွေ့ရတဲ့ ခရစ်ယာန် ဘာသာဝင်သာမကပေါ့နော် တခြားဘာသာဝင်တိုင်းကလည်း ကြေကွဲရတယ် ခံစားရတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာ သိမ်းချိန်ကစပြီး မြန်မာတနိုင်ငံလုံး ဘယ်နေရာမှ သာယာနေတာမဟုတ်သလို ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်မြို့၊ ကိုယ့်ပတ်ဝန်းကျင်အလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ အထူးသဖြင့် စစ်ရေး အခြေအနေပေါ်မူတည်ပြီး ချင်းပြည်နယ် ဟားခါးမြို့မှာဆိုရင်လည်း ခရစ္စမတ်ပွဲတော် မကျင်းပဖို့အထိ ဆုံးဖြတ်ထားခဲ့ပါတယ်။

ဖလမ်း၊ မင်းတပ်၊ မတူပီ၊ ထန်တလန် စတဲ့ မြို့နယ်တွေထဲက ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် နေအိမ်တွေ ရာနဲ့ချီပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ထန်တလန်တစ်မြို့တည်းမှာပင် ဘုရားကျောင်း ၅ ကျောင်းနဲ့ နေအိမ် ၆၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ဒါကြောင့် ရန်ကုန်ကတ်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ အာဏာသိမ်းစစ်ခေါင်း ဆောင်အား သွားရောက်တွေ့ဆုံ ကောင်းချီးပေးခဲ့တဲ့ လုပ်ရပ်ကို မေးခွန်းထုတ်နေကြတာပါ။

ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာဆိုရင်လည်း ခရစ္စမတ်အခမ်းအနားတွေ စည်စည်ကားကား မရှိခဲ့ပါဘူး။

နိုင်ငံရေးအခြေအကြောင့်လည်း ပါတယ်။ ကိုဗစ်အခြေအနေကြောင့်ရယ်။ အလုပ်က မရှိတော့ ဝင်ငွေတွေ မရှိကြဘူး။ ဝင်ငွေမရှိတော့ ကိုယ့်ဟာကိုယ် စားသောက်ဖို့တောင် အဆင်မပြေတော့ဘူး။ အလှူငွေလည်း နည်းလာပြီ။ အဲ့တော့ ခရစ္စမတ်လုပ်ဖို့လည်း အရင်ကလို စည်စည်ကား ကားမလုပ်နိုင်ဘူး လို့ ကချင်စစ်ရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူတစ်ဦးက ဆိုပါတယ်။

အခုနှစ်အတွက် ခရစ္စမတ်ရက်မြတ်ဟာ အာဏာရမက် ယစ်မူးလိုတဲ့ စစ်ခေါင်းဆောင်ကြောင့် အကျည်းတန်အရုပ် ဆိုးခဲ့ရတယ်လို့ ပြောရင် တချို့က စောဒကတက်လို့ကြပါလိမ့်မယ်။ ဒါပေမယ့် သီချင်းသံ၊ ချီးမွမ်းသံတွေအစား သေနတ်သံ၊ လက်နက်ကြီးပစ်ခတ်သံ၊ ကောင်းကင်ယံမှ လေယာဉ်နဲ့ ဗုံးကြဲသံတွေကို အစားထိုးပေးအပ်ခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ အစေအပါးတစ်သိုက်ရဲ့ ခရစ္စမတ်လက်ဆောင်ကိုတော့ လေးကေ့ကော်ဒေသခံတွေ မေ့ဖျောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ ဖရူဆိုက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ လူသားမဆန်တဲ့ လုပ်ရပ်ဟာလည်း သမိုင်းမှတ်တမ်းဝင်တဲ့ စစ်ရာဇဝတ်မှုအဖြစ် ရှိနေပါလိမ့်မယ်။

နောက်နှစ်တွေမှာ ဖြတ်သန်းရမယ့် ခရစ်တော်မွေးဖွားရာ လရာသီဖြစ်တဲ့ ဆွိဒီဇင်ဘာရဲ့ ခရစ္စမတ်နေ့မှာတော့ သီချင်းသံတွေ၊ ချီးမွမ်းသံတွေ မိုးထိညံဖို့သာ တောင်းဆုပြုမိပါတယ်။

Merry Christmas ပါ။