LGBT အဖွဲ့ဝင် တစ်ဦး ပုသိမ်တွင် ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် လူမှုရေး တက်ကြွလှုပ်ရှားသည့် လိင်တူစုံမက်သူ လူငယ်တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင် များက အင်အားအလုံးအရင်းဖြင့် ရိုက်နှက် ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညက ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက်၊ မဟာစေတီလမ်းရှိ နေအိမ်တစ်အိမ်၏ နတ်ကန္နား ပေးပွဲအား အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့တစ်ဖွဲ့က ရုတ်တရက် ဝင်ရောက်စီးနင်းကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
မျက်မြင်တွေ့ ရှိသူ မခင်သိမ့်က “အရပ်ဝတ်နဲ့ သူတွေရော ယူနီဖောင်းဝတ်တွေရော သေနတ်တွေနဲ့ ချိန်ပြီး ဝင် ဖမ်းတာပါ။ ဆောင့်ထိုးတာ ရိုက်တာလည်း လုပ်ကြသေးတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူမှာ အသက် ၂၀ ကျော်ဝန်းကျင်ရှိ ကိုထက်ပိုင်ဖြိုး ခေါ် ပြည်ကျော် ဖြစ်သည်။
ဖမ်းဆီးခံလိုက်ရသည့် ကိုထက်ပိုင်ဖြိုးသည့် ပုသိမ်မြို့ အမှတ် ၁၄ ရပ်ကွက်၊ ဥမ္မာဒန္ဓီ ၅ လမ်းတွင် နေထိုင်သူဖြစ် ပြီး ပုသိမ်မြို့ LGBT အရေး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်သည်ဟု ဧရာဝတီ လူအခွင့်အရေး လှုပ်ရှားသူများ အဖွဲ့က ပြောသည်။
ထို့အပြင် NLD အစိုးရလက်ထက်က ပုသိမ်မြို့ ကိုဗစ်စင်တာ၏ စေတနာ့ဝန်ထမ်းအဖွဲ့တွင်လည်း ပါဝင် လုပ် ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။
“စစ်တပ်ကို ကျိန်စာတိုက်တဲ့ နတ်ဆရာတွေမှာ သူပါတယ်ဆိုပြီး အဖမ်းခံရဖူးတယ်။ အမှုပိတ်ပြီး ပြန်လွတ်ပေး လို့ နတ်ကနား အလုပ်ပြန်လုပ်နေတာပါ။ အခုက ဘာဖြစ်လို့ ဖမ်းတာလဲ မသိရသေးဘူး” ဟု အုပ်ချုပ်ရေး အဖွဲ့ ဝင် တစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ တတိယအပါတ်အတွင်းက ပုသိမ်မြို့ ရေကြည်ဦး လေးကျွန်း မာန်အောင် ဘုရားစေတီ ရင်ပြင် နှင့် ကမ်းနားလမ်း ရှုခင်းသာရင်ပြင်တို့တွင် အာဏာသိမ်း စစ်ခေါင်းဆောင်များ ကို ပုသိမ်မြို့ခံများက ကျိန်စာတိုက်ပွဲ ပြုလုပ်ခဲ့ ကြသည်။