ကချင် အမျိုးသား ကွန်ဂရက် ပါတီ ဥက္ကဌ  ဒေါက်တာ Mကောန်လကို နောက်တကြိမ် ရုံးပြန်ချိန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လကို စစ်ကောင်စီက ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးမှု တစုံတရာ မပြုလုပ်ပဲ လာမည့်အပတ်တွင် ရုံးချိန်ပြန်ခေါ်ထားသည်ဟု KNC ပါတီက ပြောသည်။

ဒေါက်တာ M ကောန်လကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီမှ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ယမန်တပတ်ပေးကာ ရုံးချိန်းပြန်ခေါ်ထားသည်ဟု KNC ပါတီက တာဝန်ရှိသူ က ဆိုသည်။

ရုံးထုတ်တာတော့ မှန်တယ်ဗျာ။ ဒါပေမယ့် ဒီနေ့က တရားခံဖက်က သက်သေ သုံးယောက်ပေါ့နော။ သက်သေ သုံးယောက်ကို ခေါ်ထားခိုင်းတယ်ပေါ့နော။ ပြီးတော့ ယမန် တပတ်ပြန်ရွေ့လိုက်တယ်ဗျား။ နောက်အပတ်မှ ပြန်ပြီးမှ တစ်ခေါက်ပြန်ရုံးချိန်း ခေါ်ထာားတယ်ဗျား။ အဲလိုပဲရှိတယ်။ ထူးခြားတော့ မရှိဘူးဗျား။ ဒီနေ့” ဟု KNC ပါတီ တာဝန်ရှိသူက ဒီဇင်ဘာလ ၃၀ ရက်နေ့ ရုံးထုတ်သည့် အခြေအနေနှင့် ပတ်သက်၍ ပြောသည်။

ရမန်တပတ်ဟု ဆိုသည့်အတွက်  ဇန္နဝါရီလ ၆ ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် ရုံးချိန်းပြန်လည်ကျရောက်မည် ဖြစ် သည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရုံးထုတ်ခဲ့သော်လည်း မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသည့် အပြင် နိုင်ငံရေး သမားတစ်ဦး ရသင့်ရထိုက်သည့် လူ့အခွင့်အရေးနှင့်အညီ ဆက်ဆံခြင်းကိုလည်း မခံရဘူးဟု အဆိုပါ KNC ပါတီက တာဝန်ရှိသူက ဆက် ပြောသည်။

မိသားစုတောင် တွေ့ခွင့်မရှိဘူး ဆိုတာ ပုံစံလေးတော့ နည်းနည်းတော့ လွန်တယ်လို့ မြင်တယ်ဗျာ။ ကျနော်တို့ ပါတီ ဥက္ကဋ္ဌဟာ ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးအတွက် လုပ်ရင်းနဲ့ သူတို့ မရားစွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့ လူ ပါ။ ခုနက ပြောသလို ဖမ်းဆီးပြီးတော့လည်း လပေါင်းများစွာ ဘာမှ ထူးခြားမှု မရှိဘူး။ ဒီအတိုင်း ချုပ်လှောင ထားတဲ့ဟာက နည်းနည်းတော့ လွန်တယ်ပေါ့နော။ ပြီးတော့လည်း တခြား တရားခံတွေနဲ့ တန်းတူထားတာ က လည်း မသင့်တော်ဘူး။ ဒါလည်း နည်းနည်း လွန်တယ် လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ကျနော်တို့ မြင်ပါ တယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးသမားဟာ နိုင်ငံရေးသမား ပုံစံပေါ့လေနော။ ဆက်ဆံသင့်တယ်။”

လက်ရှိမှာ ဒေါက်တာ M ကောန်လကို မည်သည့် ပုဒ်မနှင့်မှ တရားစွဲဆိုထားခြင်း မရှိသေးပဲ လာမည့်ရုံးချိန်းတွင် နှစ်ဖက် ထပ်တိုး သက်သေများကို စစ်ဆေးပြီးမှသာ တရားစွဲဆိုခံရမည့် ပုဒ်မကို သိရှိရမည်ဟု သိရသည်။

လာမည့်ရုံးချိန်းတွင် ဒေါက်တာ M ကောန်လဖက်မှ ထပ်တိုးသက်သေ သုံးဦးနှင့် တရားလိုဖက်မှ ထပ်တိုး သက် သေ ငါးဦးကို တရားရုံးမှ ပြင်ဆင်ခိုင်းထားသည်ဟု KNC ပါတီက ပြောသည်။

ဒေါက်တာ M ကောန်လ အနေဖြင့် ပြည်နယ်နှင့် လူမျိုးအကျိုးအတွက် လုပ်ဆောင်ရင်း မတရားစွပ်စွဲဖမ်းဆီး ခံရသည့်အတွက် အမြန်ဆုံး ပြန်လွတ်ပေးရန် KNC ပါတီက တောင်းဆိုသည်။

ဒေါက်တာ M ကောန်လကို ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က စစ်ကောင်စီက နေပြည် တော်ရှိ ၎င်း၏ ဆေးခန်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဒေါက်တာ Mကောန်လ သည် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဋ္ဌဖြစ်ပြီး ၎င်းအနေဖြင့် ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါက်တာ M ကောန်လ သည် မိုးမောက်မြို့နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ် ၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် ကချင်နိုင်ငံရေးပါတီအချို့က ခေါင်းဆောင်များ၊ တသီး ပုဂ္ဂလ ကချင်အရေး တက်ကြွ လှုပ်ရှားသူများ ပါဝင်သည့် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (Kachin People’s Political Front-KPPF) အဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။