CDM ဝန်ထမ်းများနဲ့ ဆန္ဒပြသူများကို ငရုတ်ကောင်း ကမ်းခြေတွင် ရှာဖွေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

ဧရာ၀တီတိုင်း၊ ငရုတ်ကောင်း ကမ်းခြေမြို့ ဒေသအတွင်း စစ်ကောင်စီက CDM ၀န်ထမ်းများနဲ့ ဆန္ဒပြသူများကို ဖမ်းဆီးရန် လိုက်လံရှာဖွေနေသည် ဟု ဒေသခံအချို့က ပြောသည်။

ငပုတောမြို့နယ်၊ ငရုတ်ကောင်းကမ်းခြေမြို့အနီးတဝိုက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့်အတူ စစ်ကောင်စီက ဖွဲ့စည်းထောက်ပံ့ပေးထားသည့် ပျူစောထီးများ၊ ပြည်သူ့ စစ်များ၊ စစ်မှုထမ်းဟောင်းများက ပူးပေါင်းပြီး အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်နေသူများကို ရှာ ဖွေနေခြင်း ဖြစ်သည်ဟု သိရသည်။

“တောတောင်ထဲမှာ ရှာတယ်။ ရွာတွေမှာ လိုက်ရှာတယ်။ ကင်းပုန်းဝပ်ပြီးတော့လည်း ချောင်းကြတယ်။ ဖမ်း တာက CDM သမားတွေ တင်မဟုတ်ဘူး။ ဆန္ဒပြတဲ့သူတွေလည်း ဓာတ်ပုံ နဲ့ လိုက်ရှာနေကြတာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ တတိယအပတ်မှာစတင်၍ ယနေ့အချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့များက ပူးပေါင်းပြီး CDM ဝန်ထမ်းများကို ရှာဖွေနေကြခြင်း ဖြစ်သည်။

ဒေသတွင်းမှ ထွက်ပြေးရှောင်တိမ်းနေကြသည့် CDM ဝန်ထမ်းအချို့၏ မိသားစုများထံသို့လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်လာပြီး ခြိမ်းခြောက် ရိုက်နှက်မှုများ ပြုလုပ်ခြင်း၊ အိမ်ရှိဖုန်းများကို သိမ်းယူခြင်းများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

“ဓာတ်ပုံကို ပြပြီး ရှာပေးဖို့ပြောတယ်။ ရှာမတွေ့ရင် မိသားစုကို ဖမ်းမယ် ပြောတယ်။ ဘယ်မှာရှိမှန်း မသိလို့ မသိပါဘူး ပြောတာ ဒီပါးစပ်က လိမ်တယ်ပေါ့ဆိုပြီး ပါးကိုရိုက်တယ်” ဟု CDM ဝန်ထမ်းတစ်ဦး၏ ဇနီးဖြစ်သူ ကပြော သည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှ စတင်ကာ ငရုတ်ကောင်းကမ်းခြေမြို့ အပါအဝင် တင်းချောင်း၊ နံ့သာပု၊ ဆင်မှုံ၊ ဂေါ်ရင် ဂျီ၊ သစ်ရောင်း၊ ကွင်းဘက်၊ စပါးကြီး စသည့် ကျေးရွာများတွင် တပ်စွဲကာ လိုက်လံရှာဖွေ ဖမ်းဆီးနေခြင်း ဖြစ် သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ငရုတ်ကောင်း ဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စာတင်ပြီးနူတ်ထွက်ခဲ့သည့် နံသာပုကျေးရွာမှ အုပ် ချုပ်ရေးမှူးဟောင်း ဦးဇော်၀မ်း၊ NLD ဝန်းရံသူများ ဖြစ်သည့် ဆင်မှုံကျေးရွာက ဦးသာထူး၊ သရောင်းကျေးရွာ က ဦးသာလီ၊ ငရုတ်ကောင်းမြို့က ဦးဇော်ဝင်းတို့ အပါအဝင် ဒေသခံ အယောက် ၃၀ ကျော်ခန့် ဖမ်းဆီးခံထားရသည် ဟု ဒေသခံများက ပြောသည်။