မုဒုံမြို့နယ်က လူမှု ကယ်ဆယ်ရေးအဖွဲ့ဝင် လူငယ်တစ်ဦးအား ထောင်ဒဏ် တစ်နှစ်ခွဲ ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

မွန်ပြည်နယ် မုဒုံမြို့က လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် လူငယ် ကိုဆန်းလင်းဦးကို အာဏာသိမ်း စစ်ကောင်စီက ထောင်ဒဏ် တစ်နှစ်ခွဲ အမိန့်ချမှတ်လိုက်သည်ဟု နီးစပ်သူများထံမှ သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်မှုတွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် ကျိုက်မရော အကျဉ်းထောင် အထူးတရားရုံးမှ ထောင်ဒဏ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

“အဖမ်းခံရပြီးနောက်မှာ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုလိုက်တယ်။ အဲဒီပုဒ်မနဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ထောင်ဒဏ် တစ်နှစ်ခွဲ အမိန့်ချလိုက်တယ်။ ကျိုက်မရော အကျဥ်းထောင်မှာ ရှိနေတယ်” ဟု နီးစပ်သူတစ်ဦးက ပြော သည်။

ကိုဆန်းလင်းဦးကို စစ်အာဏာရှင်ဆန့်ကျင်မှုတွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ကာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျိုက်မရော အကျဥ်းထောင် အထူးတရားရုံးမှ ထောက်ဒဏ် တစ်နှစ်ခွဲ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင် အချို့တို့ကို စစ်အာဏာရှင် ဆန့်ကျင်မှုတွင် ပါဝင်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဒေသခံ PDF များနှင့် ပတ်သက် ဆက်နွယ်သည် ဆိုသည့်စွပ်စွဲချက်များဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာ ခဲ့သည်။

ထိုသို့ ဖမ်းဆီးမှုများ ပြုလာသည့်နောက်ပိုင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်တချို့ ဖမ်းခံရသည်ရှိသလို တိမ်းရှောင်နေရသူတွေလည်း ရှိသည်။

ဒီဇင်ဘာ ၈ ရက်နေ့ကလည်း သံဖြူဇရပ်မြို့၊ နာရေးကူညီမှု အသင်းဝင် ဦးကျော်ဝင်းကို ယာယီ တပ်ရင်းမှူး အပါအဝင် စစ်သား ၆ ဦး၏ ရုပ်အလောင်းများအား ဓာတ်ပုံရိုက်ပြီး Facebook ပေါ် တင်ခဲ့သည့်အတွက် ကျိုက်မရော အကျဥ်းထောင် အထူးတရားရုံးတွင် ထောင်ဒဏ်တစ်နှစ် နှင့် သုံးလ အမိန့်ချခဲ့သည်။