ပုသိမ် ကညန ရုံးကို မီးရှို့ရန် ကြိုးပမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က. ည. န)ရုံး ဓာတ်ဆီမီးပုလင်းများဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံများက ပြောသည်။
ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက် အစောပိုင်း အချိန်က အမည်မသိလူတစ်စုက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ် ခတ်သွားခြင်းဖြစ်သည်ဟု ကင်မလင်းကျွန်းလမ်းအတွင်း နေထိုင်သူများက ပြောသည်။
“နံနက် ၄ နာရီ ကျော်ကျော်လောက်မှာ ဓါတ်ဆီပုလင်းကို မီးရှို့ပြီး လမ်းမကနေ ရုံးဝန်းထဲကို လှမ်းပစ်တာ ရုံး ကို မီးမစွဲလိုက်ဘူး” ဟု မျက်မြင် တွေ့ရှိသူတစ်ဦးက ပြောသည်။
မီးရှို့ထားသည့် ဓာတ်ဆီပုလင်း ၆ လုံးခန့်ဖြင့် ပစ်ပေါက်ခဲ့သော်လည်း ရုံးကို မီးစွဲလောင်ခြင်း မရှိသဖြင့် ပျက် စီးဆုံးရှုံးမှု မရှိကြောင်း ရုံးဝန်ထမ်း အချို့က ပြောသည်။
ရုံးအဆောက်အဦသည် လမ်းမှ ၂၅ မီတာခန့် ကွာတွင်ရှိပြီး၊ ခြံစည်းရိုး အုတ်တံတိုင်းနှင့် ရုံးအဆောက်အဦ အ ကြားရှိ ကွန်ကရစ်အခင်းပေါ်သို့ ဓာတ်ဆီမီးပုလင်းများ ကျရောက်ကာ ပေါက်ကွဲခဲ့ပြီး မီးလောင်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။
ပုသိမ်မြို့က ကညန ရုံး ဓါတ်ဆီမီးပုလင်းများ ပစ်ခတ်မှုမှာ ဧရာဝတီ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့တပ်ဖွဲ့ ဝင်များ၏ ပစ်ခတ်တိုက်ခတ်မှု ဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ပုသိမ်မြို့တွင် ဒေသခံ ပြောက်ကျားတပ်ဖွဲ့များက ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ရဲစခန်း၊ စစ်ကောင်စီ ၏ ယာယီကင်းစခန်းများ၊ ယာဥ်ထိန်းရုံး၊ မီတာရုံး၊ မိုင်တဲဖုန်းတာဝါတိုင်များ ကို ဗုံးခွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ သည့်အပြင် စစ်ကောင်စီ သတင်းပေး ဒလန်များကိုလည်း သုတ်သင်ခြင်းများရှိခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် ယာဥ်ထိန်းရဲ ၂ ဦးသေဆုံး၍ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ သတင်းပေး “ဒလန်” ၄ ဦး ကို သုတ်သင်ခဲ့ပြီး မိုင်တဲဖုန်းတာဝါတိုင် ၂ တိုင်ဖျက်စီးခဲ့ကြသည်။