စစ်ကောင်စီ ဘီယာများ သယ်ယူ ရောင်းချခြင်းမပြုရန် မြစ်ကြီးနား ခရိုင် KIO အမိန့်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်။

စစ်ကောင်စီ ကျောထောက်နောက်ခံ အကျိုးတူ လုပ်ငန်းဖြစ်သည့် မြန်မာဘီယာ၊ ဒဂုံ ဘီယာ၊ နှင့် အေဘီစီ (Myanmar Beer၊ Dagon Beer နှင့် ABC Beer) တို့ကို သယ်ယူရောင်းချခြင်း မလုပ်ရန် နှင့် သယ်ယူရောင်းချပါက ဖမ်းဆီးအရေးယူသွားမည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO မြစ်ကြီးနားခရိုင်မှ ပြောဆိုလိုက်သည်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO မြစ်ကြီးနားခရိုင်က ထုတ်ပြန်ချက်ပါ အချက်များကို ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားလိုက်နာ ဆောင်ရွက်ပေးရန် ဒီဇင်ဘာလ ၄ ရက်နေ့ (ယနေ့) တွင် ပြောဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး ကြီး နော်ဘူက “ဒါက သူတို့ ဒေသအတွက် သူတို့ ထုတ်တာပါ။ သူတို့ မြစ်ကြီးနားခရိုင် ဒေသအတွက်ပေါ့နော်။ သူတို့ နေရာအတွက် သူတို့ရဲ့ အုပ်ချုပ်တဲ့ နယ်မြေအတွက် ထုတ်တဲ့ ထုတ်ပြန်ကြေညာချက်ပဲ‌ ဖြစ်ပါတယ်။ ကျ နော်တို့ အားလုံးကို လွှမ်းခြုံပြီးမှ ထုတ်တာ မဟုတ်ဘူး။ ဒါကတော့ စစ်ကောင်စီကို တော်လှန်နေတဲ့ ဆန့်ကျင် နေတဲ့ ရှုတ်ချနေတဲ့ သဘောနဲ့ ထုတ်တာနေမှာပါ” ဟု ပြောသည်။

KIO မြစ်ကြီးနားခရိုင်၏ ယနေ့ထုတ်ပြန်ချက်ထဲတွင် အချက် ၃ ချက်ကို လိုက်နာရန် တောင်းဆိုထားပြီး အဆိုပါ အချက်များမှာ မြစ်ကြီးနားခရိုင်အတွင်း မြန်မာဘီယာ၊ ဒဂုံဘီယာနှင့် အေဘီစီ ဘီယာများကို မြို့တွင်း မြို့ပြင် ကျေးလက်ဒေသများနှင့် မြစ်ကြီးနား – ပူတာအိုလမ်း၊ မြစ်ကြီးနား – တနိုင်းလမ်းတစ်လျှောက် သယ်ယူပို့ ဆောင်ခြင်း မပြုလုပ်ရန်နှင့် မြစ်ကြီးနားခရိုင်အတွင်း မြို့နှင့် ကျေးလက်ဒေသ အသီးသီး၌ ရှိသော စားသောက် ဆိုင်၊ ကုန်စုံဆိုင်၊ KTV ၊ BAR နှင့် အခြားဆိုင်မျိုးစုံတို့တွင် ရောင်းချခြင်း မပြုလုပ်ရန် တို့ဖြစ်သည်။

ထို့အပြင် သတ်မှတ်ထားသော ရက်စွဲ နောက်ပိုင်း အဆိုပါ ဘီယာများအား ရောင်း ဝယ် ဖောက်ကားခြင်း ဆက်လက်ပြုလုပ်နေသည့် မည့်သည့် ဆိုင်ကိုမဆို တွေ့ရှိပါက ဖမ်းဆီး အရေးယူ သွား မည်ဖြစ်ကြောင်းနှင့် သယ်ယူပို့ဆောင်ခြင်း ပြုလုပ်သည့် ကား၊ ဆိုင်ကယ် ယာဉ်မျိုးစုံတို့အား ထိရောက်စွာ အရေးယူ ပိတ်ပင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ဟု KIO မြစ်ကြီးနားခရိုင်၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

ယခုထုတ်ပြန်ချက်မျိုးကို ယခင်က KIO/KIA တပ်မဟာများကလည်း ထုတ်ပြန်ဖူးသည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

၎င်းက “အဲဒါအားလုံး မထုတ်တာတောင်မှ မရှိသလောက်ဖြစ်နေပြီ။ ဟိုကျနော်တို့ တပ်မဟာ ၁ ဖက်မှာလည်း မနှစ်ကပေါ့နော် ၂၀၂၁ မတ်လမှာ ထုတ်တာ ရှိပါတယ်။ တခြားနေရာတွေမှာလည်း ထုတ်ပါတယ်။ ဒါမျိုးတွေ ကတော့ သူတို့ ဒေသအတွက် သူတို့ ထုတ်တာပါ” ဟု ပြောသည်။

ကချင်ပြည်နယ် မြောက်ပိုင်း KIO/KIA ၏ တပ်မဟာ ၁ နယ်မြေထဲတွင်လည်း စစ်ကောင်စီ ကျောထောက် နောက်ခံ အကျိုးတူ လုပ်ငန်းဖြစ်သည့် အထက်ပါ ဘီယာများကို သယ်ယူရောင်းချခြင်း မလုပ်ရန် ၂၀၂၁ ခုနှစ် မတ်လကတည်းက ထုတ်ပြန်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒ ထုတ်ဖော်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာသကဲ့သို့ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများနှင့် ဆက်စပ်သည့် ထုတ်ကုန် ပစ္စည်းများကိုလည်း ဝယ်ယူသုံးစွဲခြင်း မပြုရန် လှုံ့ဆော်မှုများရှိလာခဲ့သည်။

ထိုလှုံ့ဆော်မှုများနောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများနှင့် ဆက်စပ်သည့် ထုတ်ကုန် ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းကို ပိတ်ပင်တားမြစ် လာခဲ့သည်သာမက တားမြစ်မှုများကို မလိုက်နာပါက ဖမ်းဆီးအရေးယူသည်အထိ လုပ်ဆောင်လာခဲ့ကြသည်။

ဓါတ်ပုံ – Kachin Burmese (မိုင်ဂျာယန်တွင် မြန်မာဘီယာဖာများအား ဖျက်ဆီးနေသည့်ပုံ-ပုံဟောင်း)