မတ္တရာတွင် စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ အသေအပျောက်ရှိနိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဇန္နဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က စစ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက် ခံရပြီး စစ်သား အနည်းဆုံး ၁၀ ဦးခန့် ကျဆုံးနိုင်သည်ဟု ဒေသခံများက ပြောသည်။
သေဆုံးသူ အရေးအတွက်ကို သတင်းနှင့် မီဒီယာ ကွန်ရက်မှ သီးသန့် အတည်မပြုနိုင်ပါ။
စစ်ကောင်စီ၏ စစ်ကားနှစ်စီးကို မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ပတ်လယ်အင်းကျေးရွာထိပ်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု မတ္တရာ PDF က ပြောသည်။
ကားတစ်စီးမှာ တည့်တည့်ထိမှန်သွားသည့်အတွက် ပက်လက်လန်သွားပြီး အခြားတစ်စီးမှာ အဖျားထိသွားသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှု အရေအတွက်များပြားပြီး အနည်း စစ်သား ၁၀ ဦးခန့် ကျဆုံးမှုရှိသည်ဟု ပတ်လယ်အင်းကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြော သည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာဘက်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု သိရသည်။
ဒေသခံ အမျိုးသားတစ်ဦးက “သူတို့ခံရပြီးရင် ထုံးစံအတိုင်း သေနတ်နဲ့ ရွာဘက်တွေ လျောက်ပစ်တာ” ဟု ပြော သည်။
ယနေ့နံနက်က မိုင်းဆွဲတိုက်ခိုက်ခံရမှုသည် မတ္တရာ၊ ယက္ကန်းစင်တောင်ကျေးရွာအဝင်တွင် ပဒေသာမိုင်း ခေါ် အတန်းလိုက် ထောင်ထားသောမိုင်း ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု မတ္တရာ PDF တပ်ဖွဲ့ ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း မတ္တရာ PDF အဖွဲ့က ရုံးပင်ကျေးရွာရဲစခန်းကို တိုက်ခိုက်ခဲ့သည်။
မတ္တရာမြို့တွင်လည်း အခြားသော မြို့နယ်များထဲက ဖြစ်စဉ်များကဲ့သို့ စစ်ကောင်စီတပ်သားများ မကြာခဏ တိုက်ခိုက်ခံရမှုများ ရှိနေပြီး ထိခိုက်ဒဏ်ရာ ရရှိသူ၊ ကျဆုံးသူ အများအပြားရှိနေသည်ဟု သိရသည်။