ကံမတွင် အုပ်ကြီး တစ်ဦးအိမ်ကို ဗုံးဖြင့် တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်။
မကွေးတိုင်း၊ သရက်ခရိုင်အတွင်းတွင် သစ်ခိုးထုတ်မှုနှင့် ဆက်စပ်နေသည်ဆိုသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး၏ နေအိမ်ကို ဇန္နဝါရီလ ၃ ရက်နေ့ ညက ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရသည်ဟု ဒေသခံ ရွာသားများက ပြောသည်။
ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစန်းအောင်၏ နေအိမ် ဇန္နဝါရီလ ၃ ရက်နေ့၊ ညနေ ၇ နာရီအချိန်ခန့်က ဗုံးဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
”အုပ်ကြီး ဦးစန်းအောင် အိမ်ရှေ့က အမှိုက်ပုံးထဲ ထည့်သွားတာ။ ဗုံးကပေါက်တယ်။ လူထိခိုက်မှု မရှိဘူး။ သစ်ခိုး ထုတ်နေတဲ့ကိစ္စတွေကြောင့် သတိပေးတာနဲ့တူတယ်” ဟု အသက် ၄၀ နှစ်အရွယ် ကြို့ပင်ရွာခံ တစ်ဦး က ပြော သည်။
ထိုသို့ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစန်းအောင်အား ဒေသအတွင်း သစ်ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်နေသည့်အတွက် သတိပေးခြင်း ဖြစ်နိုင်သည်ဟု ရွာသားအချို့က ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြို့ပင်နှင့် စီကျေးရွာများကို အခြေပြုပြီး မင်းတုန်းမြို့နယ်ထဲက သစ် များ၊ ကြို့ပင်အနောက်ရိုးထဲက သစ်များကို ခိုးထုတ်မှု ပိုများလာသည်ဟု ဒေသခံများက ပြောသည်။
အထူးသဖြင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ပေါင်း၍ တရားမဝင် လမ်း များ ဖောက်ပြီး သစ်ခိုးထုတ်သူ လူစိမ်း အများအပြားလည်း ရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
”သစ်က အရင်ထက် တအားထွက်တယ်။ လူကလည်း ဧရာဝတီတိုင်း ပဲခူးတိုင်း ပန်းတောင်း ဥသျှစ်ပင်ထဲက လာ ကြတဲ့ အလုပ်သမားတွေ တစိမ်းတွေများတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။
မျက်နှာစိမ်း အများအပြား ဒေသအတွင်း ရောက်နေရှိသည့်အတွက် လူမှုရေးပြဿနာများ အပြင် လက်ရှိ နိုင်ငံ ရေး အခြေအနေများကြောင့် အခြားသော ပြဿနာများ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကြို့ပင် နယ်မြေရဲစခန်းက ရဲအများအပြားက ပုသိမ်-မုံရွာ လမ်းတလျောက်နှင့် အနီးအနားကျေးရွာများ ဖြစ်သည့် စီကျေးရွာ၊ မီးပေါက်ကျေးရွာ၊ မဒေးဆည် လမ်းတလျောက်တို့တွင် ယနေ့ အချိန်ထိ ပိတ်ဆို့ရှာဖွေနေဆဲ ဖြစ်သည်ဟု သိရသည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို လက်ရှိ အချိန်အထိ ထုတ်ပြန်ကြေညာထား ခြင်း မရှိသေးပေ။
ကြို့ပင်ကျေးရွာသည် ပုသိမ်- မုံရွာ လမ်းမပေါ်တွင်ရှိပြီး တောင်ဘက်တွင် ပဲခူးတိုင်း၊ မြောက်ဘက်တွင် မင်းတုန်းမြို့နယ်နှင့် အနောက်ဘက်တွင် ရခိုင်ရိုးမတို့ ရှိသည်။
ကြို့ပင်ကျေးရွာသည် မဒေးဆည်အနီးတွင်ရှိပြီး တိုက်နယ်ဆေးရုံ အထက်တန်းကျောင်း၊ နယ်မြေရဲစခန်း စသည်ဖြင့် စုံလင်စွာရှိသည့် တိုက်နယ်ရွာကြီး တစ်ရွာ ဖြစ်သည်ဟု သိရသည်။