ပုလောတွင် PRDF နှင့် ပျူစောထီး တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်။

တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ်အတွင်း ပုလောပြည်သူ့ ကာကွယ်ရေး PRDF ပူးပေါင်းတပ်ဖွဲ့များနှင့် ပြည်သူ့စစ် (ပျူစောထီး) တပ်ဖွဲ့များအကြား နှစ်ကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နှစ်ဘက် ထိခိုက်သေဆုံးမှုရှိသည်ဟု PRDF က ပြောသည်။

ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် ဇန္နဝါရီလ ၄ ရက်နေ့ (ယနေ့)၊ နံနက် ၅ နာရီခွဲ အချိန်ခန့်ကစတင်၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။

ကဒဲကျေးရွာသို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PRDF များက နယ်မြေရှင်းလင်းရန် သွားရောက်ရာမှ တိုက်ပွဲအသွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု PRDF အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ပြည်သူ့စစ် တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရတယ်။ ရွာသားတွေကတော့ အကုန်လုံးနီးပါး ထွက်ပြေးနေကြရတယ်။ PDF ဘက်ကလည်း တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက် ဒါဏ်ရာရမှုရှိပေမယ့် အသေးစိတ် တော့ ပြောပြလို့မရသေးဘူး” ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သူ PRDF အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက အတည် ပြု ပြောသည်။

ထိတွေ့ပစ်ခတ်မှုအတွင်း ကဒဲကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင် ဦးလွင်ဦးဆိုသူ သေနတ်ဒဏ်ရာရရှိကာ သေဆုံး သွားခဲ့ပြီး သားမက်ဖြစ်သူမှာလည်း သေနတ်ဒဏ်ရာထိမှန်ခဲ့ကာ ပုလောတိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူ နေရသည်ဟု ဒေသခံရွာသားများ က ပြောသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီးနောက် PRDF အဖွဲ့များက ဝင်ရောက်ရှင်းလင်းရာတွင် ပြည်သူ့စစ်များ ကိုင်ဆောင်သည့် M16 သေနတ်တစ်လက်နှင့် လက်ပစ်ဗုံးသီး တစ်လုံး သိမ်းဆည်းရရှိခဲ့သည်ဟု PRDF တာဝန်ရှိ သူက ဆက်ပြောသည်။