မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ဇနီးနှင့် သားအား ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်။

မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ဇနီးနှင့် သားဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ယမန်နေ့ညက ဖမ်းဆီးသွားသည်ဟု နီးစပ်သူများထံမှ သိရသည်။

ဒေါက်တာအေးဇံ၏ ဇနီး ဒေါ်ခင်အေးမူ၊ သားဖြစ်သူ ကိုနေဖြိုးဇံနှင့် အလုပ်သမား တစ်ဦး တို့ကို ဇန္နဝါရီလ ၃ ရက်နေ့ ညပိုင်းက ကျိုက်ထိုမြို့ သိမ်ဇရပ်အပိုင် သုံးခွကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် ရှိ နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“မနေ့ညက နေအိမ်မှာ လာရောက် ဖမ်းသွားတယ်။ သူတို့ကို ဘယ်ကို ဖမ်းခေါ်သွားလဲ ဘယ်လို ထား ထားလဲ ဆိုတာ ဘာမှ မသိသေးဘူး။ လိုက်နေဆဲပဲ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဇန္နဝါရီလ ၄ ရက်နေ့ (ယနေ့)အချိန်ထိ ဒေါက်တာအေးဇံ၏ ဇနီးနှင့် သားဖြစ်သူတို့ကို စစ်ကောင်စီက မည်သည့် နေရာသို့ ဖမ်းဆီးခေါ် ဆောင်သွားသည်ကို မသိရှိသေးဘူးဟု ဆိုသည်။

သုံးခွကျေးရွာရှိ ၎င်းတို့၏ နေအိမ် ပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ပြောပြချက်အရ ဒေါက်တာ အေးဇံ၏ ဇနီးနှင့် သားကို ဝင်ဖမ်းစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ပြီး သေနတ် ပစ် ဖောက်မှုပါ ရှိခဲ့သည်ဟု ပြောသည်။

သို့သော် လူထိခိုက်မှု ရှိမရှိကိုမူ ယနေ့အချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးဘူးဟု ဒေါက်တာအေးဇံမိသားစုနှင့် နီးစပ်သူအချို့က ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်နေရသည်ဟု နီးစပ်သူတစ်ဦးက ဆက် ပြော သည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) အပြင် အဂတိလိုက်စားမှု အမှု ၉ မှု၊ ရွေးကောက်ပွဲဆိုင်ရာ အမှု ၃ မှုတို့ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် စွဲဆိုထားသည့်အမှု အတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျိုက်မရော အကျဥ်းထောင် အထူးတရားရုံးက ဒေါက်တာအေးဇံကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် အမိန့် ချမှတ်ထားသည်။