ရှမ်းမြောက်တွင် ကိုးကန့်၊ KIA တို့နှင့် စစ်ကောင်စီ တပ်များ တိုက်ပွဲဖြစ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် MNDAA ( ကိုးကန့်) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့တို့အကြား ယခုရက်ပိုင်းအတွင်း သီးခြားစီ တိုက်ပွဲများ ဖြစ်ပွား နေသည်ဟု ကချင် လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

၂၀၂၂ ခုနှစ် နှစ်သစ်၏ ပထမဆုံး တိုက်ပွဲအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇန္နဝါရီလ ၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြော သည်။

၎င်းက “အဲဖက်မှာကတော့ ကျနော်တို့ တပ်မဟာ ၆ နယ်မြေဖက်မှာ စစ်ကောင်စီဖက်ကတော့ ထိုးစစ်ဆင်တာ ရှိပါတယ်။ အခု သုံးလေးရက်လောက်ရှိပါပြီ။ တနေ့ကတော့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပါတယ်။ တပ်မဟာ ၆ နယ်မြေဖက်မှာပေါ့နော်။ အဲဖက်မှာ မူဆယ်ခရိုင်ကျမှာပေါ့ အဲဖက်မှာ” ဟု ပြောသည်။

ရှမ်းပြည်နယ်‌ မြောက်ပိုင်း မူဆယ်ခရိုင် (မုံးကိုး) Munggu ဒေသ၊ (မုံးလီ) Mungli ကျေးရွာ၊ (မုံးလီတောင်) Mungli ဘွမ်တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအင်အား တစ်ရာ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီ၏ တပ်မ ၉၉ စစ် ကြောင်းက KIO/KIA လှုပ်ရှားရာ ဒေသဖက်သို့ စစ်ကြောင်းတက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရသည်ဟု ဆို သည်။

ကချင်လွတ်လပ်ရေး KIO နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားသကဲ့သို့ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် MNDAA ( ကိုးကန့်) တို့လည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“MNDAA နဲ့ကတော့ ဆက်တိုက် ပုံစံဖြစ်နေပါတယ်။ ကျနော်တို့နဲ့တော့ တနေ့ကတော့ ဖြစ်ပါတယ်” ဟု ဗိုလ်မှူး ကြီး နော်ဘူက ပြောသည်။

ဇန္နဝါရီလ ၃ ရက်နေ့က The Kokang ၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ် မတော် MNDAA (ကိုးကန့်)နှင့် စစ်ကောင်စီတို့အကြား ယခုရက်ပိုင်းအတွင်း မုံးကိုးခရိုင်ရှိ နေရာအနှံ့တွင် တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ဇန္နဝါရီလ ၁ ရက်နေ့အထိ မုံးကိုးခရိုင် မန်ရန် တပ်စခန်းကို ထိုးစစ်ဆင်လာသည့် စစ် ကောင်စီတပ်နှင့် လည်းကောင်း ၊ ကျိမ့်ကြာ ကျိုက်ရွာ လမ်းစုံနေရာနှင့် ဖောက်မော့ရန်ကျီဒေသတို့တွင် စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ MNDAA တပ်စခန်းများဆီသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသည်ဟု The Kokang ၏ ထုတ်ပြန်ချက်အရသိရသည်။

ရှမ်းပြည်နယ်‌ မြောက်ပိုင်းတွင် KIA, MNDAA တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသော်လည်း ယခုရက်ပိုင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲ အခြေအနေမှာ အနည်းငယ် ငြိမ်သက်နေသည်ဟု KIO/KIA က ပြောသည်။

သို့သော် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာတွင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က စစ် ကောင်စီတပ်နှင့် KIA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည် ဟု နယ်မြေအခြေဆိုက် သတင်းဌာနဖြစ်သည့် Kachin News Group က သတင်းရေးသား ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ KIO ပြန်ကြားရေးတာဝန်ရှိသူအနေဖြင့် မသိရသေးဘူးဟု ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်အာဏာသိမ်းသည့်နောက်ပိုင်း နိုင်ငံအနှံ့စတင်ဖြစ်ပွားလာ သည့် စစ်ပွဲများသည် ၂၀၂၂ ခုနှစ် ရောက်ရှိလာသည့်အထိ ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက်ဖြစ်ပွားနေသည်။

လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် MNDAA (ကိုးကန့်)၊ KIA တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ် ပွားနေသကဲ့သို့ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် တို့တွင်လည်း ပြည်နယ်အခြေစိုက် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ် ပွားနေသည်။

ထို့အတူ တိုင်းဒေသကြီး တော်တော်များများတွင်လည်း NUG က ဖွဲ့စည်းပေးထားသည့် ပြည်သူ့ကာကွယ်ရေး တပ် PDF တို့နှင့် စစ်ကောင်းစီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ မှာ ၎င်းတို့၏ နေရပ်ဒေသကို စွန့်ခွာ ကာ စစ်ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုသို့ ထွက်ပြေးတိမ်ရှောင်လာရသည့်အတွက် အခက်အခဲမျိုး ကြုံတွေ့နေရပြီး အကူအညီ များစွာလိုအပ်နေ သည်ဟု အကူအညီပေးနေသူများက ပြောသည်။