စစ်ကောင်စီ လက်နက်ကြီးကြောင့် နမ့်ခမ်းဒေသခံ ၆ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ်းခမ်းမြို့အနီးတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက် နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့်အတွက် ကလေးငယ် ၃ ဦးအပါအဝင် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု အမည်မဖော်လိုသူ နမ့်ခမ်းဒေသခံ တစ်ဦးက ပြောသည်။

ဇန္နဝါရီလ ၅ ရက် (ယနေ့) နံနက် ၁၀ နာရီ ဝန်းကျင်အချိန်ခန့်က နမ့်ခမ်းမြို့ထဲသို့ ဝင်လာသည့် တအာင်း အမျိုး သား လွတ်မြောက်ရေး တပ်မတော် TNLA ကို နမ့်ခမ်း စခန်းသစ်ကုန်းရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများမှာ ဟိုးနားကျေးရွား အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ သည့်အတွက် ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နမ့်ခမ်းဒေသခံ တစ်ဦး က ပြောသည်။

ဟိုနားရွာကို ကျတယ်။ ဒီကျနော်တို့ ဆေးရုံရဲ့ အပေါ်ရွာပေါ့။ သူတို့ ဝင်လာတဲ့ စစ်ကြောင်းက အဲဖက်ကနေ ဝင် လာတာကိုး ဝင်လာတဲ့ လမ်းအတိုင်း သူတို့ပြန်ဆုတ်သွားတဲ့အခါမှာ ဆုတ်သွားတဲ့ လမ်းကြောကို ဒီစစ်ကောင်စီ ဖက်ကနေ လက်နက်ကြီးနဲ့ လိုက်ပစ်တဲ့ အခါမှာ လက်နက်ကြီးမှာ ရွာမှာကျတယ်။ ရွာမှာကျတော့ ကချင်အိမ် တစ်အိမ်မှာကျတော့ အဲမှာရှိတဲ့ မိသားစု ၆ ယောက်ကို ဒဏ်ရာရတာ အခြားကို ထိခိုက်မှုတော့ မရှိဘူးပေါ့။”

ထိခိုက်ဒဏ်ရာရှိသူများမှာ မောင်ဆွတ်ရိန်အောင် အသက် ၅ နှစ်၊ မရွယ်ပန် အသက် ၅ နှစ်၊ မဂျာဆိုင်းအိန် အသက် ၂ နှစ်၊ ဒေါ်ရွယ်ဂျီး အသက် ၆၆ နှစ်၊ ဒေါ်ထုဆိုင်း အသက် ၆၀ နှစ်၊ ဦးမာတူး အသက် ၃၂ တို့ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူများမှာ နမ့်ခမ်းပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦး က ဆက်ပြောသည်။

သူတို့ အသက်အန္တရာယ်တော့ မထိခိုက်ဘူးပေါ့။ အားလုံးဆေးရုံမှာ နမ့်ခမ်းဆေးရုံမှာ။ အသက် ၅၀ ကျော်နဲ့ ၆၀ ကျော် ၂ ယောက်ကတော့ ခါးမှာထိတာပေါ့။ ကျန်တဲ့ ကလေးတွေကျတော့ လက်မှာထိတယ်။ နည်းနည်း ပါးပါး ကျည်ဆံ အစလေးတွေ ထိမှန်တာတော့ ရှိတယ်။ အားလုံးက အခု ဆေးရုံမှာ ကုသခြင်းခံရယူမှ မပြင်းတဲ့ ကလေးတွေကတော့ အိမ်ပြန်ပို့တာပေါ့ သူတို့ ဆွေမျိုးအိမ်ပြန်ပို့တယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့် ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများ ပြောဆိုနေသော် လည်း NMG အနေဖြင့် သီးခြား အတည်ပြု၍ မရသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နမ့်ခမ်းမြို့ရှိ TNLA အခွန်ဝန်ထမ်း ၂ ဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခု က ပစ်သတ်ခဲ့ပြီး နမ့်ခမ်း ပြည်သူ့ဆေးရုံတွင် ထားခဲ့သည်ဟု သိရသည်။

ထိုဝန်ထမ်း ၂ ဦး၏ ရုပ်အလောင်းကို TNLA က လာယူရာမှ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ သည် ဟု ဒေသခံများက‌ပြောသည်။

သို့သော် ထိုဖြစ်စဉ်နှင့် ပတ်သက်၍ NMG အနေဖြင့် အတည်ပြုချက် ရယူရန် TNLA ကို ဆက်သွယ်သော်လည်း မရသေးပေ။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ်းခမ်းမြို့သည် လက်နက်ကိုင် အဖွဲ့အစည်း‌ပေါင်းစုံ လှုပ်ရှားနေသည့် မြို့ဖြစ်ပြီး စစ် ရေး ပဋိပက္ခထဲတွင် တည်ရှိနေသည့် မြို့ဖြစ်သည့်အတွက် ဒေသခံများမှာ လုံခြုံမှု မရှိသည့်အပြင် အခက်အခဲ ပေါင်းစုံ ရင်ဆိုင်နေရသည်ဟု ဆိုသည်။

နမ့်ခမ်း ဒေသခံကကျနော်တို့ ဒီဒေသမှာတော့ ဒီလိုမျိုး မကြာခဏ ဖြစ်တဲ့အခါမှာ ပြည်သူလူထုကတော့ နေ့ စဉ်နဲ့အမျှ လုံခြုံမှုကို မရှိတော့ဘူး။ ဘယ်သူ့ကို အကူအညီတောင်း ဘယ်သူ့ကို အကာအကွယ် ယူရမှန်းလည်း မသိ တော့ဘူးဖြစ်နေတယ်။ အခုလောလောဆယ်က ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား စျေးရောင်းရင်လည်း မလုံခြုံဘူး။ စျေးသွားရင်လည်း မလုံခြုံဘူး။ လှုပ်ရှားရတာက အဆင်မပြေဘူး။ အသက်မွေးဝမ်းကြောင်း လုပ် ကိုင်တဲ့အခါမှာလည်း တော်တော်လေး အခက်အခဲနဲ့ ရုန်းကန်နေရတဲ့ အခြေအနေမှာ ဖြစ်နေတဲ့ အခါမှာ လာ မယ့် အချိန်အခါမှာလည်း ယုံကြည်အားကိုးရတဲ့ လုံခြုံမှုပေးနိုင်တဲ့ အခြေအနေကိုတော့ မြို့သူမြို့သားများ လို ချင်ပါတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် တိုက်ပွဲများ ဖြစ်ပွားသကဲ့သို့ MNDAA (ကိုးကန့်)၊ KIA (ကချင်) တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများအတွင်း ဒေသခံပြည်သူများမှာ အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံနေရပြီး နေ ထိုင် လုပ်ကိုင် စားသောက်ရန်လည်း ပိုမိုခက်ခဲလာသည်ဟု ဒေသခံများက ပြောသည်။