ကံမမြို့နယ်အတွင်း နယ်ခံ လူ ၃၀ ခန့် ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီ ၆ ရက်။
မကွေးတိုင်း ကံမမြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးရုံး ၅ ခု ဆက်တိုက် ဗုံးပေါက်ကွဲပြီးနောက်တွင် ၂ ရက်အတွင်း ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးထားသည်ဟု ကံမ နယ်ခံများက ပြောသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အလုပ်အမှူဆောင်တစ်ဦးလည်း ပါဝင်သည်။
ဇန္နဝါရီလ ၃ ရက်နေ့၊ ည ၇ နာရီနှင့် ၈ နာရီအကြားတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲခဲ့မှုများ နောက်ပိုင်း ဇန္နဝါရီလ ၄ ရက်နေ့ နှင့် ၅ ရက်နေ့ နှစ်ဆက်တိုက် ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေသည်ဟုသိရသည်။
ဖမ်းဆီးခံရသူများထဲတွင် ငမဲကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ဒန်းကိုင်းကျေးရွာ၊ ညောင်ပင်ကွင်း၊ အလယ်ကျေးရွာက ရွာသားများပါဝင်ပြီး အသက် ၆၀ ကျော် အမျိုးသားနှစ်ဦးလည်း ပါဝင်နေသည်ဟုသိရသည်။
”ငမဲကျေးရွာက စစ်ကောင်စီခန့် အုပ်ကြီးက မသင်္ကာသူ ၁၄ ယောက် စာရင်းပေးလို့ အကုန်ဖမ်းတာ။ မတွေ့တဲ့ သူ ကို ဒီနေ့ရုံးချိန်အတွင်းလာ အဖမ်းခံရမယ်လို့ မှာသွားတယ်။ အမှန်က သူတို့နဲ့ မဆိုင်ဘူး။ အုပ်ကြီးက သူနဲ့ မတည့် သူတွေကို စာရင်းပေးလို့ အဖမ်းခံရတာ” ဟု အသက် ၄၀ အရွယ် ရွာသားတစ်ဦး က ပြောသည်။
ထို့အပြင် ကံမမြို့နယ် NLDပါတီ အလုပ်အမှုဆောင် ဒေါ်ထားထားလွင်ကိုလည်း ဇန္နဝါရီလ ၅ ရက်နေ့၊ နံနက်ပိုင်း က အလယ်ချောင်းကျေးရွာရှိ သူမ၏ နေအိမ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ် သည်။
အသက် ၄၅ နှစ်အရွယ် ဒေါ်ထားထားလွင်သည် မွေးချင်းနှစ်ယောက်ရှိပြီး ကျန်းမာရေး မကောင်းသည့် အသက် ၅၀ နီးပါး အကိုနှင့် အတူနေထိုင်သည်ဟု ဒေသခံများက ပြောသည်။
”ဖမ်းနေတာဘဲ။ ရမ်းနေတာ။ သူက အေးဆေးသမား။ လူမှုရေးဘဲ လုပ်တာ” ဟု အလယ်ချောင်းရွာမှ အမျိုး သမီး တစ်ဦးက ပြောသည်။
ယခု ရွာသားများ အဖမ်းခံလိုက်ရသည့် ကျေးရွာများသည် ပုသိမ်-မုံရွာ လမ်းမကြီးနှင့် ကံမမြို့ကို ဆက်သွယ် ထား သည့် လမ်းတလျောက်က ကျေးရွာများဖြစ်ပြီး ဒေသအခေါ် တောင်ချောင်းသားများ ဟု ခေါ်ဆိုကြသည့် နေရာ များ ဖြစ်သည်။
ယခုရက်ပိုင်း အလယ်ချောင်းကျေးရွာ အနီးရှိ Mytel ဖုန်းတာဝါတိုင်မီးရှို့ခံရခြင်း၊ အုပ်ချုပ်ရေးမှူး အိမ်များ ဗုံးခွဲခံရမှုများနှင့် ပါတ်သက်၍ အငြိုးထား စွပ်စွဲဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုသည်။
ကံမမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညပိုင်းအချိန်များတွင် လည်း သေနတ် ပစ်ပေါက်ခြင်းများ ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။
”ပတ်ရမ်းနေတာ။ ညကလည်း ပုသိမ်-မုံရွာလမ်းပေါ်မှာ သေနတ်တွေ ဆက်တိုက် ဖောက်နေတယ်” ဟု ပုသိမ်-မုံ ရွာ ကားလမ်းဘေးတွင် နေထိုင်သူ တစ်ဦး က ပြောသည်။
ကြို့ပင်အုပ်ချုပ်ရေးမှူး အိမ်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများထဲတွင် ပြီးခဲ့သည့် သြဂုတ်လ လယ် ခန့်က တူမီးပုံနှင့် Facebook profile ဓါတ်ပုံတင်ခဲ့၍ အဖမ်းခံခဲ့ရဖူးသူ မောင်ခင်ဇော်မျိုးကိုလည်း ပြန်လည် ဖမ်း ဆီးသွားသည် ဟု သိရသည်။
ကံမမြို့သည် ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။