လျှပ်စစ်မီတာရုံးအတွင်း ဗုံးနှစ်လုံး ဆင့်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်။
ဧရာ၀တီတိုင်း၊ ဇလွန်မြို့နယ်၊ လျှပ်စစ်မီတာရုံးဝင်းအတွင်း ဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုများ ရှိနိုင်သည်ဟု နယ်မြေခံများက ပြောသည်။
ဇန္နဝါရီလ ၃ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့် က ပထမတစ်ကြိမ် ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက် ရှိ စစ်ဆေးနေချိန် ၃၅ မိနစ်ခန့် အကြာတွင် ဒုတိယ တစ်ကြိမ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု လျှပ်စစ်မီတာရုံးလမ်းအတွင်း နေထိုင်သူအချို့က ပြောသည်။
“ပထမအကြိမ် ဗုံးပေါက်လို့ စစ်ကားတွေနဲ့ လူနာတင်ကား ရောက်လာတယ်။ ဒုတိယ အကြိမ် ပေါက်ကွဲသံ ကြားရပြီး လူနာတင်ကား တစ်စီး မီးစုံဖွင့် မောင်းထွက်သွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိနိုင်သော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပေ။
ထို့အပြင် ပေါက်ကွဲမှု နှင့် ပါတ်သက်၍ စစ်ကောင်စီတပ်ဖွဲက စုံစမ်းလျှက်ရှိနေပြီး ထိခိုက်မှု အခြေအနေကိုလည်း သတင်းအမှောင်ချထားသည်ဟု စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ အချို့ထံမှ သိရသည်။
ယခုဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဇလွန်မြို့နယ်အတွင်း နေ့စဉ် မီးမကြာခဏပျက်လေ့ရှိပြီး၊ မီးလာချိန်မှာလည်း တစ်ခါမီးလာချိန်မှာလည်း တစ်နာရီခန့်ပင် မရှိဘူးဟု မြို့ခံများက ဆိုသည်။
“တစ်နေ့လုံးမှာ ၄၅ မိနစ် ၅ ကြိမ်လောက်ပဲ မီးလာတယ်။ လျှပ်စစ်မီးကို အားပြု အလုပ်လုပ်နေရတဲ့သူ မှန် သမျှအခက် အခဲ ဖြစ်တော့တာပေါ့” ဇလွန်မြို့ခံ ဦးကျော် က ပြောသည်။
ဧရာဝတီတိုင်းတွင် အောက်တိုဘာလ မှ ဒီဇင်ဘာလ အတွင်း ဓနုဖြူ၊ ကျိုက်လတ်၊ ဟင်္သာတ၊ ကျုံပျော်၊ မြန် အောင်၊ မအူပင်မြို့တို့ရှိ မီတာရုံးများ ရှေ့တွင် ဗုံး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ သို့သော် ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။
၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ပုသိမ်မြို့ မီတာရုံး ကွန်ပျူတာခန်းအတွင်း ဗုံးပေါက်ကွဲမှုတွင် ရုံးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရုံးအတွင်းရှိ ကွန်ပျူတာ အချို့ ပျက်စီးသွားခဲ့သည်။