ရွှေဘို ပေါ်ဆန်းမွှေး အဝယ်မလိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
ရန်ကုန်တွင် အဝယ်လိုက်လေ့ရှိသည့် ရွှေဘို ဘေးကြား ပေါ်ဆန်းမွှေး စပါးသည် ၅ နှစ်ခန့်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဝယ်သူမရှိသည့်အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု ရွှေဘိုခရိုင်မှ တောင်သူများက ပြောသည်။
အထူးသဖြင့် ရွှေဘိုခရိုင် ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်ရှိ ကျေးရွာအချို့တွင် စပါးများ ရိတ်သိမ်းပြီးချိန်တွင် စက်ပိုင် များ၊ ကုန်သည်များကလည်း စပါးဝယ်ယူခြင်း မရှိဖြစ်နေသည်ဟု လယ်သမားများက ပြောသည်။
လက်ရှိ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေများနှင့် စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲများကြောင့် အချိန်မရွေး မီးလောင်ဆုံးရှုံးနေခြင်းများအပါအဝင်၊ စျေးကွက်များ ပျက်စီးနေခြင်းတို့ကြောင့် စပါးမလှောင်ထား ရဲသဖြင့် ဝယ်သူမရှိသည့် အခက်အခဲဖြင့် ရင်ဆိုင်ရခြင်းဖြစ်သည်ဟု လယ်သမားများ က ပြောသည်။
ဒီပဲယင်းနာက်ခြမ်း မှ အသက် ၅၀အရွယ် လယ်သမားကြီး တစ်ဦးက “ကိုယ်အိမ်တောင် ကိုယ်မပိုင် ဘယ်အချိန် ပြာကျမလဲ စိုးရိမ်နေရတဲ့အချိန် ဘယ်သူမှ စပါးမထားချင်ကြဘူး“ ဟု ပြောသည်။
လယ်သမားများသည် လက်ထဲတွင် စပါးအစား တိမ်းရှောင်လျှင် သယ်ဆောင်ရလွယ်ကူသည့် ငွေကို ကိုင်ထား ချင်၍ စပါးရောင်းပြီး ငွေဖော်ချင်သော်လည်း စပါးဝယ်ယူသူ မရှိသဖြင့် အခက်အခဲဖြစ်နေရသည်ဟု ပြောကြ သည်။
လက်ရှိ ရွှေဘိုဘေးကြားပေါ်ဆန်းမွှေးဆန် တင်း ၁၀၀ ကို ဆယ်သိန်းကျော်ခန့်၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်တင်းခွဲ တစ်အိပ်လျှင် ဆန်စက်သိမ်းဈေး သုံးသောင်းတစ်ထောင်ခန့် ရှိသည်ဟု သိရသည်။
စစ်ကြောင်းများထိုးနေမှုကြောင့် ရွာသားများ မကြာခဏတိမ်းရှောင်နေရသော်လည်း မိုးရသဖြင့် စပါးအထွက် အနိမ့်ဆုံး တဧကလျှင် တင်း ၇၀ ကျော်ခန့် ထွက်သည်ဟု လယ်သမားများက ပြောသည်။
ရွေဘိုခရိုင် ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်နယ်ထဲသို့ နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက် စစ်ကောင်စီ တပ်များသည် ရဟတ်ယာဉ်များဖြင့် ဆင်းလာပြီး စစ်ကြောင်းများ လှည့်ပတ်ထိုး နေခဲ့သည်။
နပခ စစ်ကြောင်းများသည် ကျေးရွာအတွင်း ဝင်ရောက်၍ နေအိမ်များ၊ စပါးတိုက်များ (စပါးကျီများ)၊ ဆိုင်ကယ် များ၊ လယ်သုံးစက် စိုက်ပျိုးရေး ကိရိယာများ၊ ထွန်စက်များ မီးရှို့ဖျက်ဆီးခြင်း ရွာသားများကို သတ်ဖြတ်ခြင်း၊ ခိုင်းနွားများကို ပစ်ခတ်ခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ကြသည်။
ဒီပဲယင်းမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ရွှေဘိုဘေးကြား(ပေါ်ဆန်း) ၇၉၁၁၉ ဧကစိုက်ပျိုးခဲ့ပြီး အခြား စပါးများဖြစ်သည့် ရွေသွယ်ရင်၊ ဧရာမင်း တို့ ကိုလည်း စိုက်ပျိုးခဲ့ကြသည်ဟု မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၆ မြို့နယ်တွင် ဇူလိုင်လမှ စ၍ မိုးစပါးများ စိုက်ပျိုးခဲ့ပြီး ရွှေဘိုဘေးကြားဧက ၃၅၆၇၅၂ အပါအဝင် မိုးစပါးစိုက်ဧက ၆၇၂၇၇၃ ဧက စိုက်ပျိုးနိုင်ခဲ့သည်ဟု စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများ အရသိရသည်။