ရွှေတူးဖော်မှု ရပ်ဆိုင်းရန် KIC အမိန့်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO က ကချင်ပြည်နယ်အတွင်းရှိ KIO ထိန်းချုပ်ရာ ဒေသနှင့် အနီးအနားရှိ ပတ်ဝန်း ကျင်ဒေသများမှ ရွှေတူးဖော်မှုများကို တားမြစ်ပိတ်ပင် လိုက်သည်။

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်းတွင် ရွှေတူးဖော်မှုများ ပိုမိုများပြားလာသည့်အပြင် စစ်ဘေး ရှောင်များ၏ အိမ်ခြံမြေများအထိ ရွှေတူးဖော်မှုများ ရှိလာသည့်အတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စ၍ ၎င်းတို့ ထိန်းချုပ်ရာ ဒေသနှင့် အနီးအနားရှိ ပတ်ဝန်းကျင်ဒေသများမှ ရွှေတူးဖော်မှုများ အားလုံးကို တားမြစ် ပိတ်ပင် လိုက်သည်ဟု KIO/KIA က ပြောသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “အဓိကကတော့ ကျနော်တို့ စစ်ရှောင်ပြည်သူလူထုရဲ့ မြေယာတွေ ခြံတွေကို ရွှေတူးထားတဲ့လူတွေရှိလို့လေ အဲဒါကို ပိတ်ပင်တားဆီးဖို့ နံပါတ်တစ် ရည်ရွယ်ချက်က အဲဒါဖြစ်ပါတယ်။ ဒုတိယက ကျနော်တို့ ဒီ သယံဇာတတွေကိုပေါ့နော ကျနော်တို့ အကျိုးမရှိပဲနဲ့ ဆုံးရှုံးသွားတာ ပေါ့။ အဲဒါတွေ နောက်ကျနော်တို့ရဲ့ နယ်မြေတွေ ပျက်စီးသွားတာတွေ အဲဒါတွေကို ကျနော်တို့က တားဆီးနိုင်ဖို့ အတွက် ရည်ရွယ်ချက်နဲ့ ကျနော်တို့ ထုတ်ပြန်ကြေညာချက် လုပ်တာဖြစ်ပါတယ်” ဟု ပြောသည်။

တားမြစ် ပိတ်ပင်မှုများကို မလိုက်နာသည့် မည်သူ့ကိုမဆို ကချင် အစိုးရဖြစ်သော ကချင် လွတ်လပ်ရေး ကောင်စီ KIC က ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဟု ဗိုလ်မှူး ကြီး နော်ဘူက ဆက် ပြောသည်။

၎င်းက “သူတို့ တူးဖော်တဲ့ အနေအထားတွေပေါ့နော်။ အခြေအနေအပေါ်မှာ မူတည်ပြီးမှ သူတို့ ဆုံးဖြတ်မှာပါ။ ကျနော်တို့ ဒီ KIC ကပေါ့နော် ကျနော်တို့ အစိုးရကနေ အမိန့်စာထုတ်တဲ့နေရာမှာ ထိထိရောက်ရောက် အရေး ယူ ပါဆိုပြီးမှ ကျနော်တို့က ထည့်ထားတာဖြစ်ပါတယ်။ ဥပမာ အဓိကကတော့ ယန္တရားတွေ သိမ်းတာတွေက အစ ပေါ့။ ဒဏ်ငွေပေးတာတွေက အစပေါ့။ ပါမှာပေါ့။ ဒါကတော့ ထိထိရောက်ရောက် ဆိုတာကတော့ သူတို့ အခွင့် အရေးတွေကို ပိတ်ထားတာတွေပေါ့။ အားလုံးပါမှာပေါ့” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ တာဝန် ရှိသူများ၏ ခွင့်ပြုချက်ဖြင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက ရွှေတူးဖော်မှုများကို မြစ်ဆုံ အပါအဝင် ဧရာ၀တီမြစ်ကြော တစ်လျှောက်တွင် လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် ရွှေတူးဖော်မှု အခြေအနေနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး နော်ဘူ က “ကျနော်တို့ မြစ်ဆုံပေါ့နော်။ မြစ်ဆုံဒေသမှာလည်း ရွှေတူးဖော်တာ အကြီးအကျယ်ရှိပါတယ်။ နောက် ဟို ဆွမ်ပရာဘွမ်ဒေသဖက်မှာလည်း ရွှေတူးဖော်တာတွေ ကြီးကြီးကျယ်ကျယ် လုပ်တာတွေရှိပါတယ်။ နောက် ဟို ကျနော်တို့ တနိုင်းဖက်မှာလည်း လီဒိုလမ်းဖက်မှာလည်း ဒီလိုရှိပါတယ်။ ဆိုတော့ အာဏာသိမ်းတဲ့ နောက်ပိုင်း မှာ ကတော့ ဒီစစ်ကောင်စီဖက်ကလည်း ထိထိရောက်ရောက် ကြီးကြပ်တာတို့ ကျနော်တို့ မတွေ့ရပါဘူး။ ဆို တော့ စီးပွားရေးသမားတွေ ကုမ္ပဏီတွေကလည်း အဲဒါကို အခွင့်အရေးယူပြီးမှ ရွှေတူးဖော်တာကို သူတို့က အကြီးအကျယ်လုပ်တာကို တွေ့ရပါတယ်” ဟု ပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှုများ ပိုမိုများပြားလာပြီး သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှာလည်း ယခင်ကထက် ပိုများလာသည့်အတွက် ဒေသခံများနှင့် သဘာ၀ ပတ်ဝန်းကျင်အရေး လုပ်ဆောင်သူများက ရွှေတူးဖော်မှုများကို ရပ်တန့်ပေးရန် စစ်ကောင်စီ တာဝန်ရှိ သူများကို တောင်းဆိုထားကြသည်။

ထိုသို့တောင်းဆိုထားသော်လည်း စစ်ကောင်စီ တာဝန်ရှိသူများက တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိဟု ဒေသခံများက ပြောသည်။

တန်ဖဲ ဒေသခံတစ်ဦး က “အဲ့ဒီမြစ်ဆုံတစ်ဝိုက်မှာ ရွှေကတူးနေတယ်။ ဆက်တိုက်ပဲ ရွှေတော့ ကျင်နေတယ်။ အ ခု မြစ်ဆုံမှာလည်း ရွှေတူးတယ်။ ဒီဘက် အင်ဆန်ခူး၊ အင်ထန်းဇွပ်၊ အင်လန်းဇွပ် အဲ့ဒီနေရာမှာလည်း တူး တယ်။ မလိယန်မှတော့ ဗြုံးစက်ပေါ့။ ဒါပေမယ့် အင်ဂန်းမှာကျတော့ စက်ယန္တယားနဲ့ ရွှေတူးဖော်တယ်လို့ ကြားတယ်။ အခု မြစ်ကြီးနားက တွက်လိုက်ရင် ၂၆ မိုင်လောက်ပေါ့။ တိုင်ကြားချက် တင်တဲ့နောက်ပိုင်းမှာ လည်း ဒီလိုမျိုးပေါ့ ဆက်လက်ပြီးမှ ရွှေတူးဖော်နေတဲ့အခါကြတော့ ဘယ်သူ့ကို သွားအားကိုးရမလဲပေါ့နော်။ အခက်အခဲတော့ ကြုံရတာပေါ့” ဟု ပြောသည်။

မြစ်ဆုံနှင့် ဧရာ၀တီမြစ်ကြောတစ်လျှောက်၊ ဆွမ်ပရာဘွမ်၊ တနိုင်းဒေသများ အပါအဝင် ကုမ္ပဏီများနှင့် လုပ်ငန်း ရှင်များက စက်ယန္တရားကြီးများကို အသုံးပြုကာ ဝိုင်းမော်မြို့နယ်ရှိ စစ်ဘေးရှောင်များ၏ နေအိမ်ခြံမြေများအထိ ရွှေတူးဖော်မှုများကို လုပ်ဆောင်နေသည်ဟု ဝိုင်းမော်မြို့ နမ်ဆန်ယန် ကျေးရွာမှ ဒေသခံများက ပြောသည်။

နမ်ဆန်ယန်ကျေးရွာမှ ပြည်သူများသည် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ အကြား က တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်နေကြရပြီး အချို့မှာ နယ် မြေ အခြေအနေ တည်ငြိမ်လာသည့်အတွက် ကျေးရွာထဲတွင် ပြန်ပြီးနေထိုင်နေကြသည်ဟု ဒေသခံများကပြော သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နမ်ဆန်ယန်ကျေးရွာ ဒေသခံများက ၎င်းတို့ ဒေသအတွင်းမှ ရွှေတူးဖော်မှုများကို တားမြစ်ပေးရန် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထံ စာပေးပို့ တောင်းဆိုထားသည်ဟု သိရ သည်။ ထိုသို့ တောင်းဆိုမှု ပြုလုပ်ပြီး ၁ လကျော်အကြာတွင် KIO က ၎င်းတို့ ထိန်းချုပ်ရာ ဒေသနှင့် အနီးအနားရှိ ပတ် ဝန်းကျင် ဒေသများမှ ရွှေတူးဖော်မှုများ အားလုံးကို တားမြစ် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ဓါတ်ပုံ – Crd (စစ်အာဏာသိမ်းမှုနောက်ပိုင်း မြစ်ဆုံတစ်ကြော ရွှေတူးဖော်မှုမြင်ကွင်း)