စစ်ကောင်စီရဲ့ နယ်စပ်စခန်းတစ်ခုကို ကရင်နီ တပ်မတော်က သိမ်းယူ။ စစ်ကောင်စီက လေယာဉ်ဖြင့်တိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
ကရင်နီ အမျိုးသား တပ်မတော် KA က ထိုင်း-မြန်မာ နယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇန္နဝါရီလ ၇ ရက်နေ့ (ယနေ့) တွင် ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု KNPP က ပြောသည်။
KNPP အတွင်းရေးမှူး – ၂ ဦးအောင်ဆန်းမြင့်က “ဒီနေ့မနက်ကတော့ ကျနော်တို့ ဒီ နန်းပန်ချောင်းနားမှာ ရှိနေတဲ့ သူတို့ရဲ့ စခန်းတစ်ခုကိုပေါ့နော။ စခန်းတစ်ခုကို ကျနော်တို့ ဝင်ပြီးမှ သိမ်းတာပါ။ KA က သိမ်းတော့ ကျနော်တို့ အဲဒီစခန်းကို သိမ်းလို့ရပါတယ်” ဟု ပြောသည်။
ထိုသို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်မှ အဆိုပါ စခန်းကုန်းနှင့် KNPP ဌာနချုပ် ညာမိုစခန်းကို လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။
၎င်းက “သိမ်းလို့ရပြီးတဲ့ အချိန်မှာမှပဲ သူတို့ လေယာဉ်နဲ့ လာပြီးမှ ပစ်တာပါ။ လေယာဉ်နဲ့ ပစ်တယ် အဲဒီစခန်း ကိုလည်း လာပစ်တာပေါ့နော်။ နောက်ပြီးမှ သူတို့က ကျနော်တို့ရဲ့ ဒီ ညာမိုဖက်ကိုလည်း လေယာဉ်နဲ့ ဗုံးလာကြဲ တဲ့ သဘော။ ဒါပေမယ့်လည်း သူတို့ရဲ့ စခန်းကိုပဲ ပြန်ပြီးမှ ထိတယ်ပေါ့နော။ အဲလိုမျိုး အခြေအနေပါပဲ” ဟု ပြောသည်။
ယနေ့ နံနက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးမှု များစွာရှိသည့်အပြင် အရှင် ၄ ဦးကိုလည်း ဖမ်းဆီးရမိထားသည် ဟု KNPP က ဆိုသည်။
ဇန္နဝါရီလ ၇ ရက်နေ့ (ယနေ့) တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းကို KA က ဝင်ရောက် တိုက်ခိုက်သည့်နည်းတူ လွိုင်ကော်မြို့ရှိ စစ်ကောင်စီ၏ စုပေါင်းရုံးကိုလည်း KNDF ပူးပေါင်းတပ် ဖွဲ့များက ဝင် ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ကနေ ဒီရက် တစ်နေကုန်ကတော့ တော်တော်လေးကို ကြမ်းကြမ်းတမ်းတမ်းဖြစ်သွားတယ်ပေါ့နော။ ဒီ မနက် ၇ နာရီခွဲကနေစပြီးတော့မှ ကျနော်တို့ အဓိက နှစ်နေရာ သုံးနေရာပေါ့။ အဓိက ၂ နေရာပေါ့နော။ ကျ နော်တို့ ခေါ်တာက ဘီလူးချောင်းဘေးမှာရှိတဲ့ စုပေါင်းရုံးပေါ့နော ခရိုင်စုပေါင်းရုံးပေါ့နော။ အသစ်ဆောက် ထားတဲ့ ကျနော်တို့ ခရိုင် စုပေါင်းရုံးမှာ တိုက်ပွဲဖြစ်တယ်။ ပစ်ခတ်မှုဖြစ်တယ်။ နောက်ပြီးတော့မှ ပိုဖြစ်တာက တော့ မိုင်းလုံးပေါ့နော မိုင်းလုံးရပ်ကွက်ရယ် ကားလမ်းရဲ့ အောက်ဖက်ခြမ်း သူတို့ခေါ်တာက ငါးမြောင်းပေါ့နော ဒီရေတွေ လယ်ယာ စိုက်ပျိုးရေးအတွက် သုံးတဲ့ မြောင်းရှိတယ်ပေါနော။ ဆည်မြောင်းပုံစံမျိုးပေါ့။ အဲဒီဖက်မှာ တိုက်ပွဲပိုဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်၏ လက်နက်ပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက် ပျက်စီးမှု များရှိနေသည့် အပြင် လူသေဆုံးမှုများလည်း ရှိသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
“အထူးသဖြင့် ခုနက ကျနော်ပြောတဲ့ မိုင်းလုံးရပ်ကွက်ထဲမှာ ကျတာများတယ်။ နောက်ပန်ကန်းဖက်မှာ ကျတာ များတယ်။ လောလောဆယ် အဲဒီနားတစ်ဂွင်မှာပဲ ပြည်သူလူထုပေါ့နော။ မနေ့က ညကနေ ဒီမနက်အထိ အခု အချိန်အထိကတော့ ကျနော်တို့ ၆ ဦး ထိသွားပြီပေါ့နော။ ဆုံးသွားတယ်ပေါ့နော။ မနေ့က ညက စစ်ဘေး ရှောင် တဲ့ ဒီငါးမြောင်းအောက်မှာရှိနေတဲ့ မိုင်းလုံး ငါးမြောင်းအောက်မှာရှိနေတဲ့ လူထုတွေ တိုက်ပွဲဖြစ်တော့ ရွှေ့တဲ့ အချိန်မှာ အပစ်ခံလိုက်ရတယ်။ အဲဒီမှာ တစ်ဦးသေတယ် တစ်ဦး ဒဏ်ရာရတယ်။”
ထို့အပြင် “နောက် အဲဒီညမှာပဲ ကျနော်တို့ လက်နက်ကြီးက အိမ်ဘေးမှာကျတော့ အဖွား တစ်ယောက်က နှလုံး ဖောက်ပြီးတော့မှ ဆုံးသွားတယ်။ နောက် ဒီမနက်မှာပဲ ဆုံးသွားတဲ့ အဖွားရဲ့ အိမ်မှာပဲ နောက်ထပ် လက်နက်ကြီး ထပ်ကျတော့ အိမ်ထောင် ဦးစီး အမျိုးသား လေးဆယ် ဝန်းကျင်အမျိုးသား တစ်ဦးဆုံးသွားတယ်။ ပြီးတော့ သူ့ရဲ့ ကလေး ရယ်။သူ့ရဲ့ ဇနီးရယ် ဒဏ်ရာရတယ်။ ပြီးတော့မှ ကျနော်တို့ ခေါ်တယ်။ မိုင်းလုံးမှာ သံလမ်းဆိုတာ ရှိတယ်။ သံလမ်းဆိုတာ ရထားလမ်းပေါ့နော။ အဲဒီအောက်မှာက ရထားလမ်းဘေးမှာပဲ အလောင်း သုံးလောင်း က ခုချိန်အထိ သွားမကောက်နိုင်သေးဘူးရှိနေ တယ်။ အဲဒီတော့ အကုန်လုံးပေါင်း လောလောဆယ်တော့ ကျ နော်တို့ လူ ၆ ဦး သေဆုံးသွားတာရှိတယ်” ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။
လက်ရှိ ကရင်နီပြည်နယ်တွင် တောရော မြို့ပါမကျန် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ကရင်နီပြည်နယ် တစ်ခုလုံးတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆိုသည်။
ကရင်နီပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများနှင့် ပတ်သက်၍ KNPP အတွင်းရေးမှူး – ၂ ဦးအောင် ဆန်းမြင့်က “ကျနော်တို့ အခုက ကရင်နီတစ်ပြည်လုံး တိုက်ပွဲဖြစ်နေတယ်။ သုံးမိုင် ပန်ကန်းပေါ့နော။ နောက် လွိုင်ကော် မြို့တွင်း အခုလိုမျိုး ကျနော်တို့ ငါးမိုင် ခြောက်မိုင် အကုန်လုံးပေါ့နော။ နောက်ပြီးမှ ကျနော်တို့ ဒီ လွိုင် ကော် ရှားတောဂွင်ဖက် ဒေါပိုးစီဖက်ပေါ့နော။ တစ်ပြည်လုံးလောက်ကို ကျနော်တို့ တိုက်ပွဲ ဖြစ်နေတယ်။ ဖြစ်တဲ့ နေရာတိုင်းမှာ သူတို့က လေယာဉ်တွေနဲ့ သုံးနေတယ်ပေါ့နော။ ဆိုတော့ တိုက်ပွဲတွေ့တော့ တော်တော် ဖြစ်နေတာပေါ့ ကရင်နီမှာတော့” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသား ပြည်နယ်များတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများ ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ၎င်းတို့၏ ပြည်နယ်အလိုက် ဝင်ရောက်တိုက်ခိုက်ကာ ပြန် လည် သိမ်းပိုက်ရယူခဲ့ကြသည်။
ကချင်ပြည်နယ်တွင် အလော့မ်ဘွမ် တပ်စခန်းကုန်းကို KIA က လည်းကောင်း၊ ကရင်ပြည်နယ်တွင် သော်လဲထာတဖက်ကမ်းရှိ စခန်းကုန်းနှင့် အခြားစခန်းများကို KNU တပ်ဖွဲ့ဝင်များကလည်းကောင်း၊ ယနေ့နံနက်တွင်မူ ထိုင်း-မြန်မာနယ်စပ်ကရင်နီပြည်နယ် နန်းပန်ချောင်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို KA က ဝင်ရောက်တိုက်ခိုက် သိမ်းယူခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်အာဏာသိမ်းသည့်နောက်ပိုင်း နိုင်ငံအနှံ့စတင်ဖြစ်ပွားလာ သည့် စစ်ပွဲများသည် ၂၀၂၂ ခုနှစ် ရောက်ရှိလာသည့်အထိ ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက်ဖြစ်ပွားနေသည်။
လက်ရှိ ကရင်နီပြည်နယ်တွင် KA၊ KNDF၊ ဒေသခံကာကွယ်ရေး PDF ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ် ပွားနေသကဲ့သို့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တို့တွင်လည်း ပြည်နယ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်။
ထို့အတူ တိုင်းဒေသကြီး တော်တော်များများတွင်လည်း NUG က ဖွဲ့စည်းပေးထားသည့် ပြည်သူ့ကာကွယ်ရေး တပ် PDF တို့နှင့် စစ်ကောင်းစီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ မှာ ၎င်းတို့၏ နေရပ်ဒေသကို စွန့်ခွာကာ စစ်ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထိုသို့ ထွက်ပြေးတိမ်ရှောင်လာရသည့်အတွက် အခက်အခဲ အမျိုးမျိုး ကြုံတွေ့နေရပြီး အကူအညီများစွာ လိုအပ် နေသည်ဟု အကူအညီပေးနေသူများ က ပြောသည်။
ဓါတ်ပုံ – Karenni Army Center- Kn.A.C